
၁၃. ၅. ၂၀၂၃
Written by Nay Moe
၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲ၏နိဂုံးချုပ်အနေနှင့် ထုတ်ပြန်ခဲ့သည့်အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ်တွင် စိတ်ပျက်မိကြောင်း NUG က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးပွဲ၏ရလဒ်သည် မြန်မာနိုင်ငံအပေါ် အရေးယူရန် အခွင့်အလမ်းအား ထပ်မံလက်လွှတ်ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်သည်ဟုလည်း NUG က ဆိုပြီး ဘုံသဘောတူညီချက်ရရှိမှသာ တစုံတခုဆောင်ရွက်နိုင်မည့်အခြေအနေအောက်တွင် တိုးတက်ဖြစ်ထွန်းမှုများမဆောင်ရွက်နိုင်ဖြစ်ခဲ့ရသည်ဟုလည်း NUG က အာဆီယံဥက္ကဋ္ဌကို အပြစ်တင်သည်။
အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ၏ ထုတ်ပြန်ချက်အသစ်သည် ‘မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများတိုးမြင့်လာခြင်း’ အတွက် စိုးရိမ်ကြောင်းမျှသာဖော်ပြရုံဖြစ်ပြီး ယခင်အာဆီယံဆုံးဖြတ်ချက်များကို ထပ်လောင်းပြောကြားခြင်းမျှသာဖြစ်နေသည်။ ထို့ကြောင့် အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းများနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုမြင့်တက်လာခြင်းအပေါ် အာဆီယံခေါင်းဆောင်များသည် ပူးပေါင်းကိုင်တွယ်နိုင်ခြင်းမရှိသည်မှာ သိသာထင်ရှားနေပြီဖြစ်ကြောင်းနှင့် ပြင်ပမှကူညီဆောင်ရွက်ပေးမှုများကို ဖိတ်ခေါ်ရတော့မည်ဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။