၁၃. ၅. ၂၀၂၃
Written by Thettant
သာကေတမြို့နယ်ရှိ ကြယ်စင်လင်းရွှေဆိုင်ကို လူလေးဦးက ဓားပြတိုက်ပြီး ကျပ်သိန်း ၄၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်များ လုယက်မှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး ဥယျာဥ်စျေးရှိ ကြယ်စင်လင်းရတနာရွှေဆိုင်တွင် ဝန်ထမ်းလေးဦးဖြင့် ဆိုင်ဖွင့်လှစ်ရောင်းချနေစဥ် နံနက် ၁၀ နာရီခွဲခန့်တွင် Probox ကားအဖြူရောင်ဖြင့် လူလေးယောက် ရောက်လာပြီး ပစ္စတိုသေနတ်ဖြင့် ခြိမ်းခြောက်ကာ ဝန်ထမ်းများကို ဆိုင်နောက်ခန်းတွင် ထိုင်ခိုင်း၍ ကျန်သုံးဦးက ရွှေထည်မျိုးစုံ ကျပ်သိန်းလေးထောင်ဖိုးကို လုယူကာ ၎င်းတို့ပါလာသော ကားဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ လုယက်ခံရမှုဖြစ်စဥ်မှာ ဟုတ်မှန်ကြောင်း ရွှေဆိုင် တာဝန်ရှိတစ်ဦးထံမှ စုံစမ်းသိရပြီး သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်းနှင့် တာဝန်ရှိသူများ လာရောက်စုံစမ်းမေးမြန်းနေကြောင်းလည်း သိရပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေကာ ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။