◾️ ဖိလစ်ပိုင်နိုင်ငံသား ၆၀ ကျော် မြန်မာလူကုန်ကူးဂိုဏ်းများ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း PAOCC အဖွဲ့ ပြော
၁၃. ၅. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ဖမ်းဆီးခံထားရသော ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးကို ပြန်ပေးငွေပေးကာ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး မြန်မာလူကုန်ကူး ဂိုဏ်းများလက်ထဲတွင် ဖိလစ်ပိုင်နိုင်ငံသား ၆၀ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင် ရာဇာဝတ်မှု တိုက်ဖျက်ရေး ကော်မရှင် (PAOCC) က သတင်းထုတ်ပြန်လိုက်သည်။
မကြာသေးမီက ပြန်လည်ကယ်ထုတ်နိုင်ခဲ့သော ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးလွတ်မြောက်စေရန် တစ်ဦးအတွက် ပြန်ပေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်ပေးခဲ့ရပြီး အဆိုပါ ဖိလစ်ပိုင်နိုင်ငံသားများသည် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲ ရှိနေချိန်အတွင်း ညှင်းပန်းနှိပ်စက်ခံရခြင်းများ တွေ့ကြုံခဲ့ရကြောင်း ပြောသည်။
အဆိုပါ ဖိလစ်ပိုင်နိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် Customer Sales ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် လိမ်လည်ခေါ်ယူခံရပြီး မြန်မာနိုင်ငံ မြဝတီမြို့သို့ ပို့ဆောင်ခံခဲ့ရသူများဖြစ်ကြောင်း PAOCC က သတင်းထုတ်ပြန်ထားသည်။
၎င်းတို့သည် ထိုင်းနိုင်ငံမှတစ်ဆင့် သောင်းရင်းမြစ်ကို ဖြတ်ကူးကာ မြဝတီမြို့သို့ ရောက်ရှိချိန်အတွင်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်ရသော လုပ်ငန်းများကို လုပ်ကိုင်ခဲ့ရကြောင်း၊ ၎င်းတို့သည် အမေရိကန်၊ ဥရောပနှင့် သြစတြေးလျနိုင်ငံတို့မှ နိုင်ငံသားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများကို အဓိကထားလုပ်ကိုင်ခဲ့ရကြောင်း PAOCC အဖွဲ့၏ ဒါရိုက်တာတစ်ဦးဖြစ်သော ဝင်စတန် ကာစီယိုက ပြောသည်။
အဆိုပါ ဖိလစ်ပိုင်နိုင်ငံသားများသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ မေလ ၁၁ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများထံတွင် ပိတ်မိနေချိန်အတွင်း အတွေ့အကြုံများကို ဖိလစ်ပိုင်အာဏာပိုင်များနှင့် ဖိလစ်ပိုင်မီဒီယာများကို ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
PAOCC အဖွဲ့၏ ဝင်စတန်ကာစီယိုက အဆိုပါ ဖိလစ်ပိုင်နိုင်ငံသားများအတွက် ဖမ်းဆီးထားသော လူကုန်ကူးအုပ်စုနှင့် အလုပ်ရှင်များကို ငွေကြေးများပေးချေခဲ့ပြီးနောက် ပြန်လည်လွှတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ မြန်မာလူကုန်ကူးဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသော ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးကို ပြန်ကယ်တင်နိုင်ရန်အတွက် PAOCC နှင့် ဖိလစ်ပိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း၊ ၎င်းတို့ကို မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အရင်ခေါ်ဆောင်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံသို့ ထပ်မံခေါ်ယူခဲ့ရကြောင်း PAOCC ကပြောသည်။ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြန်လည်ကယ်ထုတ်နိုင်ခဲ့သော ဖိလစ်ပိုင်နိုင်ငံသား ၆ ဦး ကို စုံစမ်းစစ်ဆေးများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာလူကုန်ကူးဂိုဏ်းများ၏သားကောင်ဖြစ်ခဲ့ရသော ဖိလစ်ပိုင်နိုင်ငံသား ၆ဦးထဲတွင်အမျိုးသမီး ၄ ဦးပါဝင်ခဲ့ကြောင်း ပြောသည်။
Ref——–news.abs-cbn