၁၃. ၅. ၂၀၂၃
Translated by Htwe Ko Tun
ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိနေသည့် အလွန်အားကောင်းသော ဆိုင်ကလုံးမိုခါက မေလ ၁၃ ရက် နံနက်ပိုင်းတွင် တိုင်းထွာချက်များအရ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း၊ စစ်တကောင်းဒေသကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းဘက်ဆီသို့ ဦးတည်ရွေ့လျားနေသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မုန်တိုင်းဒဏ်ကာကွယ်ရေးကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မိုးလေဝသဌာနက ငါးဖမ်းလှေများနှင့် အခြားစက်လှေများအားလုံးကို အမိုးအကာများအောက်တွင်သာနေကြရန် သတိပေးချက်ထုတ်ထားသည်။ စိန့်မာတင်ကျွန်း၊ ကောစ့်ဘဇာ၊ ချန်ပူ ၊ နိုခါလီ၊ လက်ရှမီပူနှင့် ဟာတီယာဒေသများက မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံရနိုင်သော ဒေသများအဖြစ် သတ်မှတ်ထားသည်။
အိန္ဒိယမိုးလေဝသဌာနက ဆိုင်ကလုံးမိုခါသည် မေလ ၁၄ ရက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်း(တစ်နာရီမိုင် ၁၀၀ နှုန်း) ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇာမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့အကြား၊ စစ်တွေမြို့အနီးမှ ကုန်းတွင်း ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
လေပြင်းတိုက်ခတ်ချိန်တွင် တစ်နာရီလျှင် ၁၇၅ ကီလိုမီတာနှုန်း(တစ်နာရီမိုင် ၁၁၀ နှုန်း) အထိရှိနိုင်သည်ဟုလည်း ဆိုသည်။ ဆိုင်ကလုံးမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဒေသများတွင် မေလ ၁၃ ရက် ညနေပိုင်းမှစ၍ လေပြင်းများတိုက်ကာ မိုးသည်းထန်စွာရွာနိုင်သောကြောင့် စစ်တကောင်းနှင့် ကော့စ်ဘဇာမြို့လေဆိပ်များသို လေယာဉ်ပျံသန်းမှုခရီးစဉ်များအား မေလ ၁၃ ရက် နံနက် ၇ နာရီမှ မေလ ၁၄ ရက် ည ၇ နာရီအထိ ဆိုင်းငံ့ထားလိုက်ကြောင်းသိရသည်။
Ref—–Dhaka Tribune