၁၃. ၅. ၂၀၂၃
Written by Thettant
ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဦးတည်သွားနေသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် အဖျက်စွမ်းအားအပြင်းထန်ဆုံးဟု သတ်မှတ်ထားသည် တစ်နာရီလေတိုက်ခတ်နှုန်း ၁၃၂ မိုင် လေပြင်းတိုက်ချိန် ၁၄၀ မိုင်တိုက်ခတ်နေပြီး ရေလှိုင်းအမြင့်မှာ မုန်တိုင်းဗဟိုချက်အနီးတွင် ရေလှိုင်းအမြင့် ၅၀ ပေအထိရှိကာ CAT5 မုန်တိုင်းကြီးအဆင့်ကို ရောက်ရှိသွားပြီဖြစ်ပြီး အလွန်အန္တရာယ်ကြီးမားလာသဖြင့် ဘေးကင်းရာကို ကြိုတင်ရှောင်ရှားကြရန် လူမှုကွန်ရက် မိုးလေဝသပညာရှင် စုစုစံက သတိပေးထားသည်။
မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် ကမ္ဘာ့အဆိုးရွားဆုံးမုန်တိုင်းများတွင် အဆင့် (၂) ၌ ရပ်တည်နေသည့် ၂၀၀၈ နာဂစ်မုန်တိုင်းမှာ တစ်နာရီ လေတိုက်နှုန်း ၁၄၅ မိုင်ဖြစ်ပြီး လက်ရှိမိုခါဆိုင်ကလုန်းမှာလည်း တစ်နာရီ မိုင် ၁၄၀ ခန့်အထိ ရှိလာမည်ဖြစ်သဖြင့် နာဂစ်ကဲ့သို့ပင် ပြည်သူများထိခိုက်မှုဆိုးရွားနိုင်မည်ဖြစ်သည်။
ထို့အတူ အိန္ဒိယမိုးလေဝသဌာနနှင့် UN + EU တို့၏ GDACS (ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေး သတိပေးစနစ်နှင့် ပူးပေါင်းဆောင်ရွက်မှုစနစ်) ၏ ခန့်မှန်းတွက်ချက်မှုများအရ မုန်တိုင်းဒီရေမှာ ၇ ပေခန့်ရှိမည် ဖြစ်သည်။ ထို့ကြောင့် တန်ချိန်ထောင်ပေါင်းများစွာအလေးချိန်ရှိသည့် ၇ ပေမြင့်သော မုန်တိုင်းဒီရေထုကြီးသည် တစ်နာရီ မိုင် ၁၀၀ ကျော် အရှိန်အဟုန်ဖြင့် ကုန်းတွင်းပိုင်းရှိမြို့များ၊ အဆောက်အအုံများကို ဖျက်ဆီးမည်ဖြစ်သဖြင့် နာဂစ်ကဲ့သို့ပင် ထိခိုက်ပျက်စီးနိုင်မည့်အခြေအနေဖြစ်နိုင်ကြောင်း နိုင်ငံတကာမိုးလေဝသဝက်ဘ်ဆိုတ်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကလည်း သတိပေးထားသည်။
“၇ ပေဆိုတာက ရေက ကျွန်တော်တို့ အရပ်ထက်မြင့်တယ်လေ။ ရေက သာသာလေး စီးဝင်လာမှာမဟုတ်ဘူး။ သူ့နောက်ကနေ တစ်နာရီ မိုင် ၁၃၀ နှုန်းလောက်နဲ့ တွန်းထုတ်လိုက်တဲ့ ရေထုကြီးက လာရိုက်မှာ။ ၇ ပေဆိုတဲ့ရေထုကြီးဆိုတာ နည်းတဲ့ဝိတ်မဟုတ်ဘူး။ အဲ့မှာ သူ့ကို တွန်းလိုက်တဲ့အရှိန်နှုန်းကလည်း နည်းတဲ့အရှိန်မဟုတ်ဘူး။ အဲ့ဒါကိုလည်း တစ်ချက် သဘောပေါက်ဖို့ လိုလိမ့်မယ်”ဟု ဦးဝင်းနိုင်က သုံးသပ်သည်။
၂၀၀၈ နာဂစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်၌ လူပေါင်း ၁၃၈၀၀၀ ကျော် သေဆုံးခဲ့ပြီး ကျွဲနွားအကောင်ရေသုံးသိန်းကျော် သေဆုံးကာ လူဦးရေ နှစ်သန်းကျော် အတိဒုက္ခရောက်ခဲ့ရပြီး ကျပ် ၁၃ ထရီလျံကျော်ဖိုးအထိ ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရသည်။