၁၃. ၅. ၂၀၂၃
Written by Ye Kyaw
မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်သည့် ရခိုင်ပြည်နယ်၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေထိုင်သည့်ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးနိုင်ရန် စီစဥ်ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတစ်ဝိုက်မှ ဝင်ရောက်မည်ဟု ခန့်မှန်းချက်များအရ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်သည့် မုန်တိုင်းဖြတ်သန်းမည့်လမ်းကြောင်း တစ်လျှောက်တွင်ရှိသော ပြည်သူများအနေဖြင့် စားဝတ်နေရေးအခက်အခဲမရှိစေရေးနှင့် စားဝတ်နေရေးအတွက် စိတ်ပူပန်ကြောင့်ကြရမှု မရှိစေရေးတို့အတွက် ယခုကဲ့သို့ စီစဥ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မုန်တိုင်းအဓိကဝင်ရောက်နိုင်သည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ အသင်းခွဲများတွင် အရေးကြုံပါက စားသုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် အဆင်သင့်ပြင်ဆင်ထားသည်။