MT News
Written by Thettant
၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဧပြီ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်ထိ မြန်မာအားကစားအဖွဲ့၏ အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိမှုမှာ ရွှေ ၁၅ ခု၊ ငွေ ၁၄ ခု၊ ကြေး ၄၂ ခု ရရှိထားပြီး SAC လက်ထက် ပထမအကြိမ် ပြိုင်ဆိုင်သည့် ၂၀၂၁ ခုနှစ်နှင့် NLD အစိုးရဟောင်းလက်ထက် ၂၀၁၇၊ ၂၀၁၉ ဆီးဂိမ်းစ်များထက် ရွှေပိုမိုရရှိထားပြီဖြစ်သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် မြန်မာအသင်းအနေဖြင့် NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ မလေးရှားဆီးဂိမ်းစ်တွင် ရွှေ ၇ ခုသာ ရခဲ့ပြီး ငွေမှာလည်း ၁၀ ခုသာရကာ ကြေးမှာလည်း ၇ ခုသာရခဲ့သဖြင့် သမိုင်းတစ်လျှောက် ဆုတံဆိပ်ရရှိမှုဒုတိယအနည်းဆုံးဖြစ်ကာ မြန်မာ့အားကစား ဆိုးရွားစွာနိမ့်ကျခဲ့သည်။
ထို့အတူ NLD အစိုးရဟောင်းလက်ထက်တွင်ပင် ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းစ်၌လည်း ရွှေ ၄ ခု၊ ငွေ ၁၈ ခုနှင့် ကြေး ၅၁ ခု ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ရွှေရရှိမှုဒုတိယအနည်းဆုံးနှစ်အဖြစ် ၁၉၉၅ ခုနှစ် ထိုင်းဆီးဂိမ်းစ်နှင့် ပူးတွဲရပ်တည်ခဲ့သည်။
အလားတူ ၂၀၂၁ ခုနှစ် ဗီယက်နမ်ဆီးဂိမ်းစ်တွင်လည်း နိုင်ငံရေးအပြောင်းအလဲများကြောင့် အစိုးရတစ်ရပ်ကိုမကျေနပ်သော လူသိများထင်ရှားသည့် အားကစားသမားအချို့က နိုင်ငံ့ကိုယ်စားပြုခွင့် ငြင်းပယ်သဖြင့် လူငယ်များစွာရွေးချယ်စေလွှတ်ခဲ့ရပြီး ထိုလူငယ်များကိုလည်း နိုင်ငံ့ကိုယ်စားပြု ယှဥ်ပြိုင်မှုအပေါ် ဝိုင်းဝန်းဆဲဆိုတိုက်ခိုက်နေသည့်ကြားမှ မြန်မာ့လက်ရွေးစင်များမှာ ရွှေ ၉ ခု၊ ငွေ ၁၈ ခုနှင့် ကြေး ၅၁ ခုရရှိကာ NLD အစိုးရဟောင်းလက်ထက် ဆီးဂိမ်းစ်နှစ်ကြိမ်ထက် ရွှေပိုမိုရရှိခဲ့သည်။
ထိုသို့ NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ နှင့် ၂၀၁၉ ဆီးဂိမ်းစ်နှစ်ကြိမ်ပေါင်းတွင် ရွှေ ၁၁ ခုသာ ရရှိခဲ့သော်လည်း ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြီးဆုံးရန် ၅ ရက်လိုချိန်အထိ မြန်မာ့လက်ရွေးစင်ကစားသမားများက ရွှေ ၁၅ ခု၊ ငွေ ၁၄ ခု၊ ကြေး ၄၂ ခု ရရှိထားပြီး ရွှေရရှိထားသည့် အားကစားနည်းများမှာ ဗိုဗီနမ်၊ ဗိုဗီနမ်(ခွန်ဘိုကာတာ)၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဝူရှုးနှင့် ပီတန်းအားကစားနည်းများမှဖြစ်ပြီး လက်ရှိတွင် ရွှေရရှိနိုင်သည့် အားကစားနည်းများကို ဆက်လက်ယှဥ်ပြိုင်နေသည်ဟု သိရသည်။