MT News
ရခိုင်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခုအား ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မေလ ၁၂ ရက် ညနေတွင် သတိပေး ကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ မြို့နယ်ခုနစ်ခုမှာ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သည် မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းဖြတ်သန်းတိုက်ခတ်နိုင်သည့် အခြေအနေ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရနိုင်မှု အခြေအနေများအပေါ်မူတည်၍ အဆိုပါမြို့နယ်ခုနစ်ခုကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် အနီရောင်အဆင့် ဒေသများအဖြစ် သတိပေးကြေညာလိုက်ခြင်းဖြစ်သည်။
လက်ရှိအချိန် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ရခိုင်ပြည်နယ်အတွင်းမြို့နယ်များမှ မုန်တိုင်းဒဏ်ခံရနိုင်ခြေမြင့်မားသော ဒေသများမှ ပြည်သူများကို ပြောင်းရွှေ့ပေးခြင်း၊ လိုက်လံသတိပေးခြင်းပြုလုပ်နေသကဲ့သို့ အစိုးရ၊ တပ်မတော်နှင့် ဝန်ကြီးဌာနများကလည်း သဘာဝဘေးမှကူညီကယ်ဆယ်နိုင်ရေး ကြိုတင်ပြင်ဆင်နေသည်ဟု သိရသည်။