MT News
Written by Thettant
အမျိုးသားအသင်းထက် ခြေစွမ်းကောင်းမွန်ပါလျက်နဲ့ ပြီးခဲ့တဲ့ ၁၆ နှစ် လုံးလုံး ဒါမှမဟုတ် ၂၀၀၇ ဆီးဂိမ်းစ်ကနေ ၂၀၁၉ ဆီးဂိမ်းစ်အထိ ကြေးဆုပဲ ရခဲ့ပြီး ၂၀၂၁ ဆီးဂိမ်းစ်မှာ စတုတ္တနေရာပဲ ရပ်တည်နိုင်ခဲ့တဲ့ အိပ်မက်ဆိုးကို မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ၂၀၂၃ ဆီးဂိမ်းစ်မှာ ချေဖျက်နိုင်ခဲ့ပါပြီ။
ဒီလိုချေဖျက်နိုင်မှုထဲမှာမှ ပိုပြီးတန်ဖိုးရှိတာက ဒီနေ့ညကန်တဲ့ ဆီးဂိမ်းစ်အကြိုဗိုလ်လုပွဲမှာ ဆယ်စုနှစ်တစ်စုလောက် အသာစီးယူထားတဲ့ ထိုင်းအမျိုးသမီးအသင်းကို လေးဂိုးသွင်းပြီး အနိုင်ယူနိုင်ခဲ့တာက ပိုမိုချိုမြိန်တဲ့ အောင်ပွဲဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။
ဒီနေ့ ဆီးဂိမ်းစ် အကြိုဗိုလ်လုပွဲမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ပထမပိုင်းမှာ ထိုင်းအမျိုးသမီးအသင်းရဲ့ ကစားကွက်အောက် ပိတ်မိနေခဲ့ပြီး ပွဲကစားချိန် ၁၁ မိနစ်နဲ့ ၁၈ မိနစ်မှာ ထိုင်းအသင်းရဲ့ ဆက်တိုက်ဂိုးသွင်းယူမှုကို ခံခဲ့ရတာပါ။ ပွဲချိန် ၄၃ မိနစ်ကျမှ ရူပါခိုင်ရဲ့ အဖိုးတန်ချေပဂိုးကန်သွင်းယူပြီး ဒုတိယပိုင်းအတွက် အားတက်စေခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ အားတက်လာတဲ့ မြန်မာအသင်းဟာ ထိုင်းအမျိုးသမီးအသင်း အထနှေးမှုကို အသာစီးယူဆော့ကစားခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာ ဝင်းသိင်္ဂီထွန်းက အဖိုးတန်ချေပဂိုးနဲ့ ပွဲချိန် ၅၃ မိနစ်မှာ စန်းသော်သော်က တန်ဖိုးကြီးအနိုင်ဂိုး သွင်းယူခဲ့တာပါ။ အဲဒီနောက်မှာတော့ မြန်မာအမျိုးသမီးအသင်းဟာ ခံစစ်ကိုပိတ်ပြီး အနိုင်ဂိုးကို ထိန်းကစားခဲ့ရင်း တန်ပြန်တိုက်စစ်တွေကနေပဲ ထိုးဖောက်နေခဲ့တာဖြစ်ပြီး အမျိုးသမီးဂိုးသမား မျိုးမြမြငြိမ်းက အကောင်းဆုံး တားဆီးကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒဏ်ရာပြဿနာတချို့နဲ့ မောပန်းနေတဲ့ ဝင်းသိင်္ဂီထွန်းကို လူစားလဲခဲ့ပြီး လူစားဝင်လာတဲ့ မြတ်နိုးခင်ကပဲ အနိုင်သေချာစေမဲ့ လေးဂိုးမြောက်သွင်းဂိုးကို ထိုင်းဂိုးသမားကျော်ပြီး လှလှပပသွင်းယူခဲ့တာပါ။
ဒါကြောင့်မို့လို့ မြန်မာအမျိုးသမီးအသင်းဟာ မေလ ၁၅ ရက်နေ့မှာ အိမ်ရှင်ကမ္ဘောဒီးယားကို ၄ ဂိုးပြတ်သွင်းယူလာတဲ့ ဗီယက်နမ်နဲ့ ဗိုလ်လုပွဲကစားရတော့မှာပါ။
မြန်မာအမျိုးသမီးအသင်းဟာ ဆီးဂိမ်းစ်သမိုင်းတစ်လျှောက်မှာ ငွေဆုကိုပဲ အမြင့်ဆုံးရခဲ့တာဖြစ်ပြီး လက်ရှိ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်မှာတော့ ငွေဆုက သေချာနေပြီဖြစ်လို့ ဆီးဂိမ်းစ်ရဲ့ ပြီးခဲ့တဲ့ ၁၆ နှစ်ရဲ့ ကြေးဆုကျိန်စာဆိုးကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပေမဲ့ မြန်မာတစ်နိုင်ငံလုံးကတော့ ငွေဆု လိုချင်တာမဟုတ်ဘဲ ရွှေအိပ်မက် မက်နေကြပြီမို့လို့ ဗီယက်နမ်ကို ကျော်ဖြတ်ပြပြီး သမိုင်းဝင်ရွှေဆုဆွတ်ခူးဖို့ အိပ်မက် မက်နေကြပါပြီ…..။