MT News
Written by Pan Ei
မေလ ၁၂ ရက်က စတင်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ကမ္ဘောဒီယား ဆီးဂိမ်းစ်ရဲ့ Mobile Legends (MLBB) အုပ်စုပွဲစဉ် ပထမနေ့ရဲ့သတ္တမမြောက်ပွဲစဉ်အနေနဲ့ မြန်မာကိုယ်စားပြုအသင်းဟာ အင်ဒိုနီးရှားအသင်းနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ရာမှာတော့ ထပ်မံအနိုင်ရရှိခဲ့ပြီး အုပ်စုတက်ဖို့ကို ပိုပြီး နီးစပ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
အုပ်စုအသီးသီးရဲ့ ထိပ်ဆုံး၂ သင်းကသာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်လို့ နိုင်ငံအသီးသီးရဲ့ လက်ရွေးစင် အားကစားသမားတွေက ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီးအသင်းတွေက လက်ရွေးစင်သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားအသင်းကို မြန်မာကိုယ်စားပြုအသင်း Falcon Esports က အနိုင်ရရှိခဲ့တာဖြစ်သလို စင်ကာပူအသင်းကိုနိုင်ခဲ့တဲ့ မြန်မာအသင်းအနေနဲ့ ၂ မှတ်ရရှိနေပြီပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားအသင်းအနေနဲ့ ဒီနေ့ပွဲစဉ်ရဲ့ တတိယမြောက်ပွဲမှာ အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို ရှုံးနိမ့်ခဲ့သလို မြန်မာအသင်းကိုလည်း ထပ်မံရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။
မေလ ၁၂ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေအရ အုပ်စု A မှ မလေးရှားအသင်းက နှစ်ပွဲဆော့ နှစ်ပွဲနိုင် ရလဒ် ၂မှတ်၊ ဗီယက်နမ်အသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့က သုံးပွဲဆော့ နှစ်ပွဲနိုင် ရလဒ် ၂မှတ်နဲ့ ဦးဆောင်နေသလို မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ကလည်း ရှုံးပွဲမရှိ ရလဒ် ၂မှတ်နဲ့ အုပ်စု B ရဲ့ ပထမနေရာမှာ ပူးတွဲ ရပ်တည်နေပါတယ်။
မနက်ဖြန်မှာတော့ ဒုတိယနေ့အုပ်စုပွဲစဉ်အနေနဲ့ မြန်မာအသင်းက အိမ်ရှင် ကမ္ဘောဒီးယားအသင်းနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။