၁၃. ၅. ၂၀၂၃
Written by Thettant
မန်းရွှေမြို့တော် အဝေးပြေး ခရီးသည်တင်ယာဥ်မှာ မန္တလေး-လားရှိုးလမ်းတွင် တိမ်းမှောက်သဖြင့် ခရီးသည် ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ မေလ ၁၂ ရက် ညနေ ၅ နာရီ ၄၀ ခန့်အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးအဆင်းလမ်း၊ မှတ်တိုင်အမှတ်(၂၅/၄)တွင် မန်းရွှေမြို့တော် Express ခရီးသည်တင်ယာဉ်(၁)စီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ပြင်ဦးလွင်၊ မန္တလေး အဆင်းလမ်း ပြင်စာစျေးတန်းနားမှာ စလစ်ဖြစ်ပြီး မှောက်သွားတာ။ ကားက လမ်းတစ်ခုလုံး ကန့်လန့်ဖြတ်ပိတ်ပြီး မှောက်သွားတာဆိုတော့ အဆင်းလမ်းတစ်ခုလုံးက ကားတွေပိတ်သွားတာ တော်တော်ကြာတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထို့ကြောင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁၀)ဦး၊ မ(၆)ဦး စုစုပေါင်း (၁၆)ဦး အနက် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၆)ဦး၊ မ(၃)ဦး စုစုပေါင်း(၉)ဦးတို့အား ပြင်စာလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။