ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း တစ်နာရီ မိုင် ၆၀ အထိ သုံးရက်ကြာလေတိုက်ခတ်နိုင်ဟု သတိပေး
၁၃. ၅. ၂၀၂၃
အလွန့်အလွန်အားကောင်းလာသောဆိုင်ကလုန်းမုန်တိုင်းမိုခါမှာ ဘေးအန္တရာယ်ကို သတိပြုရှောင်ရှားရမည့် အနီရောင်အဆင့်သို့ရောက်လာပြီး ယနေ့နံနက်မှ စတင်ကာ မေလ ၁၅ ရက်အထိ ရခိုင်ပြည်နယ်တွင် တစ်နာရီ မိုင် ၁၁၀ နှုန်းခန့် လေတိုက်ခတ်နိုင်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း တစ်နာရီ မိုင် ၆၀ အထိ သုံးရက်ကြာလေတိုက်ခတ်နိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ သိရသည်။
အနီရောင်အဆင့်သည် မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်ဟု သတ်မှတ်ထားသော်လည်း ယခုဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ထားသည်။
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၅.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၀၅)မှ (၁၁၅)မိုင်နှုန်းခန့် ဖြစ်သည်။
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ (၁၄.၅.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဆက်လက်ရွေ့ လျားနိုင်သည်ဟု ခန့်မှန်းရသည်။
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမိုခါ၏အရှိန်ကြောင့် ယနေ့နံနက်မှ မေ ၁၅ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
ထို့အတူ ယနေ့နံနက်မှ မေလ ၁၅ ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)မှ မိုင်(၁၁၀)ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၄)ပေမှ (၁၈)ပေခန့်အထိ နှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခုကို အနီရောင်အဆင့်သတ်မှတ်ထားပြီး မီးသတ်ဦးစီးဌာနအပါအဝင် အစိုးရတာဝန်ရှိသူများက ကူညီကယ်တင်ရေးလုပ်ဆောင်နေသကဲ့သို့ တပ်မတော်၏ ကူညီကယ်ဆယ်ရေးယာဥ်တန်းများလည်း မုန်တိုင်းသင့်ရာဒေသများသို့ ထွက်ခွာကူညီနေသည်။