၁၂. ၅. ၂၀၂၃
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယူရေးရှင်းခေါ် ဥရောပ-အာရှရေးရာကိုယ်စားလှယ်ဖြစ်သည့် လီဟွိုင်း (Li Hui) က ယူကရိန်းပဋိပက္ခအခြေအနေကို အဖြေရှာဆွေးနွေးရန်အတွက် ယူကရိန်း၊ ပိုလန်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားနိုင်ငံများသို့ တရုတ်အစိုးရ၏ အထူးသံတမန်အဖြစ် မေလ ၁၅ ရက်တွင် ခရီးသွားရောက်မည်ဟုသိရသည်။
ဒုတိယဝန်ကြီးအဆင့်ရှိ အထူးသံတမန်တစ်ဦးဖြစ်သော လီက ရုရှားနိုင်ငံ ယူကရိန်းအား တိုက်ခိုက်မှုပြုခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသို့ ပထမဆုံးသွားရောက်သော တရုတ်အစိုးရ၏ အဆင့်မြင့်အရာရှိတစ်ဦးလည်း ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်က ယူကရိန်းအရေးတွင် ဆက်စပ်နေသည့် နိုင်ငံများသို့ တရုတ်ကိုယ်စားလှယ်များ သွားရောက်မှုများက တရုတ်အစိုးရ၏ငြိမ်းချမ်းရေး မြှင့်တင်ရန်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် အားထုတ်မှုများကို ပြသနေပြီး တရုတ်နိုင်ငံက ငြိမ်းချမ်းရေးဘက်မှသာ ခိုင်မြဲစွာရပ်တည်နေသည်ကို ပြသခြင်းလည်းဖြစ်ကြောင်း ပြောခဲ့သည်။
ထို့ပြင် ၎င်းက အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်နိုင်ရေးနှင့် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်မှုမြှင့်တင်ကာ လက်ရှိအခက်အခဲအခြေအနေကို တားဆီးရန်အတွက် နိုင်ငံတကာသဘောတူညီမှုတစ်ရပ်ကို တည်ဆောက်ရာတွင် တရုတ်အစိုးရက အပြုသဘော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်လည်း လိုလားပါကြောင်းဆက်လက်ပြောကြားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်က ဧပြီလအတွင်း ယူကရိန်းသမ္မတ ဇာလန်စကီးနှင့် ဖုန်းဖြင့်ပြောကြားကြစဉ်ကပင် တရုတ်နိုင်ငံမှ ယူကရိန်းအရေးအတွက် အထူးသံတမန်လာရောက်မည်ကို ကြေညာပြောကြားခဲ့သည်။ တရုတ်အစိုးရအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံမဟာမိတ်များက ယူကရိန်းစစ်ပွဲတွင် ကြားနေရပ်တည်ရန် ဖိအားပေးလျက်ရှိကြသည်။ အမေရိကန်နှင့်မဟာမိတ်များက တရုတ်အစိုးရအနေဖြင့် ရုရှား၏ယူကရိန်းသို့ တိုက်ခိုက်မှုအား ရှုတ်ချရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တရုတ်အစိုးရကလည်း လိုက်လျောခြင်းမပြုခဲ့ပေ။
လီဟွိုင်းက ရုရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ၏သံအမတ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ရုရှားအနုပညာစာပေကို ချစ်မြတ်နိုးသူတစ်ဦးဟုလည်းဆိုသည်။
Ref—–SCMP