၁၂. ၅. ၂၀၂၃
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးနှုန်း ဒေါ်လာ ၂၀၀၀ အထက်၌ပင် ဆက်ရှိနေ၍ ပြီးခဲ့သည့် မေလ ၄ ရက်ကစတင်ကာ အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်လာသည့် ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်ကျဆင်းမှုမရှိဘဲ ကိုးရက်ဆက်တိုက် ကျပ်သိန်း ၃၀ ကျော်ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် မေ ၄ ရက်မှ စတင်ပြီး ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၂,၀၀၀ အထက်သို့ စတင်မြင့်တက်ခဲ့ပြီး မေ ၅ ရက်တွင် တစ်အောင်စ ဒေါ်လာ ၂,၀၅၀ အထိမြင့်တက်ခဲ့မှုများရှိခဲ့သည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် မေ ၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ အထက်သို့ စတင်မြင့်တက်ခဲ့ပြီး ကျပ် ၃,၀၁၅,၀၀၀ အထိ မြင့်တက်မှုများရှိခဲ့သည်။
မေလ ၁၂ ရက် (ယနေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့သော်လည်း တစ်အောင်စကို ဒေါ်လာ ၂,၀၀၀ အထက်၌ ဆက်လက်ရှိနေသေးသဖြင့် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၀၅,၀၀၀ ဖြင့် ကျပ်သိန်း ၃၀ အထက်၌ပင် ဆက်လက်ရှိနေခြင်းဖြစ်သည်။
မေလ ၁၂ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)က သတ်မှတ်ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၃၆၅,၆၀၀ သတ်မှတ်ခဲ့သဖြင့် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းထက် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၅,၀၀၀ ခန့်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးနှုန်း ဒေါ်လာ ၂၀၅၀ အထိဖြစ်ပေါ်ခဲ့၍ ပြီးခဲ့သည့် မေလ ၅ ရက်မှ မေလ ၇ ရက်အထိ ရွှေအရောင်းအဝယ်ဆိုင်များက ရွှေဈေးနှုန်းများ ဖွင့်လှစ်နိုင်မှုမရှိဘဲ မေ ၈ ရက် (ယနေ့)မှသာ ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် မေလ ၄ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၅ ကျပ်၊ မေလ ၈ ရက်တွင် ရွှေဈေးနှုန်း ၃,၀၀၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၅၊ မေလ ၉ ရက်တွင် ရွှေဈေးနှုန်း ၃,၀၀၉,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၅၅ ကျပ်၊ မေလ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၃ ကျပ်၊ မေလ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၃,၀၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၃ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။