၁၂. ၅. ၂၀၂၃
Written by Pan Ei
၂၀၂၃ ခုနှစ် ကမ္ဘောဒီယား ဆီးဂိမ်းစ်ရဲ့ Esports ပိုင်းမှာ ကစားနည်း ၆ မျိုးထည့်သွင်းထားပြီး အဆိုပါ ကစားနည်းတွေထဲက Mobile Legends (MLBB) ရဲ့ အုပ်စုပွဲစဉ် ပထမနေ့ကို ဒီနေ့မှာ စတင်ခဲ့တာပဲဖြစ်ပါတယ်။
ပထမနေ့ အုပ်စုပွဲစဉ်ရဲ့ စတုတ္ထမြောက်ပွဲအဖြစ် စင်ကာပူနိုင်ငံကိုယ်စားပြုအသင်းနဲ့ မြန်မာကိုယ်စားပြု Falcon Esports တို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မြန်မာကိုယ်စားပြုအသင်းက ပွဲဦးထွက်အနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။
နိုင်ငံ ၉ နိုင်ငံက အသင်း ၉ သင်းကို အုပ်စု A နဲ့ အုပ်စု B ခွဲထားတဲ့အထဲမှာမှ မြန်မာကိုယ်စားပြုအသင်း Falcon Esports က အိမ်ရှင် ကမ္ဘောဒီယား၊ စင်ကာပူ၊ အင်ဒိုနီးရှား လက်ရွေးစင်အသင်းတို့နဲ့အတူ အုပ်စု B မှာ ပါဝင်ခဲ့ပါတယ်။
M4 ပွဲမှာ Top 6 အထိ တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြုအသင်း Falcon Esports အသင်းအနေနဲ့ စင်ကာပူနိုင်ငံမှာ MPL ဆုကို ၃ ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့တဲ့ စင်ကာပူကိုယ်စားပြုအသင်းကို အနိုင်ရရှိခဲ့ပြီး ပွဲဦးထွက် ၁ မှတ်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့မှာပဲ ပထမနေ့ အုပ်စုပွဲစဉ် သတ္တမမြောက်ပွဲစဉ်အနေနဲ့ မြန်မာကိုယ်စားပြုအသင်းဟာ အင်ဒိုနီးရှားအသင်းနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရဦးမှာပဲ ဖြစ်ပါတယ်။