၁၂. ၅. ၂၀၂၃
Written by Pan Ei
ယူကျူ့ချန်နယ်မှာ ကြည့်ရှုသူများစေဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လေယာဉ်ပျက်ကျအောင် လုပ်ခဲ့တဲ့ ယူကျူ့ဘာလေယာဉ်မှူးဟာ ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်တယ်လို့ အမေရိကန်အာဏာပိုင်တွေက မကြာသေးမီက ကြေညာခဲ့ပါတယ်။
အိုလံပစ်စကိတ်စီးသမားဟောင်းတစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ထရီဗာ ဂျက်ကော့ပ်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ် ပါဒရီစ် အမျိုးသားသစ်တောအထက်မှာ အင်ဂျင်တစ်လုံးတည်းပါတဲ့ လေယာဉ်ငယ်နဲ့ ပျံသန်းနေစဉ် အင်ဂျင်ပြဿနာရှိပုံ ဟန်ဆောင်ခဲ့ပြီး သူဟာဆယ်လ်ဖီရိုက်တံနဲ့အတူ လေယာဉ်ပေါ်မှ ထွက်ခွာခဲ့ကာ မြေပြင်ပေါ်သို့ လေထီးနဲ့ဆင်းခဲ့ပြီး သူရုန်းကန်ခဲ့ရပုံတွေကို ရိုက်ကူးကာ ယူကျူ့မှာ ဗီဒီယိုတင်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်လေယာဉ်ပျက်ကျခဲ့တာ” လို့ ခေါင်းစဉ်တပ်ထားတဲ့ အဆိုပါ ဗီဒီယိုဖိုင်ဟာ ကြည့်ရှုသူ သုံးသန်းနီးပါးရှိခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုအပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့နဲ့ ဖယ်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA)ရဲ့ စုံစမ်းစစ်ဆေးသူတွေက လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ကာ လေယာဉ်အပျက်အစီးတွေကို ထိန်းသိမ်းထားဖို့ ဂျက်ကော့ပ်ကို ပြောကြားခဲ့ရာမှာတော့ ဂျက်ကော့ပ် ဟာ ပျက်ကျခဲ့တဲ့လေယာဉ်ရဲ့ တည်နေရာကို မသိရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဂျက်ကော့ပ်ဟာ ယူကျူ့မှာ ကြည့်ရှုသူများစေဖို့ ရည်ရွယ်ချက်နဲ့ လေယာဉ်ပျက်ကျစေခဲ့ပြီး လေယာဉ်ပျက်ကျမှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ရာမှာလည်း လေယာဉ်ပျက်ကို ပြန်လည်ရယူကာ ဖျက်ဆီး အစဖျောက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဗီဒီယိုတွေမှာ ပိုက်ဆံအိတ်ကြော်ငြာအတွက်လည်း စပွန်ဆာသဘောတူညီချက်တစ်ခု ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် အမေရိကန်နိုင်ငံမှာ ပျံသန်းတာတွေကို ထိန်းချုပ်တဲ့ FAA ဟာ ဂျက်ကော့ပ်ရဲ့ လေယာဉ်မှူးလိုင်စင်ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ ရုပ်သိမ်းခဲ့ပါတယ်။
ဂျက်ကော့ပ်ဟာ ဖယ်ဒရယ်စုံစမ်းစစ်ဆေးမှုကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက်နဲ့ ဖျက်ဆီးမှု၊ ဖုံးကွယ်မှုတို့အတွက် အပြစ်ရှိကြောင်း ဝန်ခံထားတာကြောင့် ဖက်ဒရယ်ထောင်ဒဏ် အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်ဖွယ် ရှိနေပါတယ်။ ဂျက်ကော့ပ်ကို လာမယ့် သီတင်းပတ်အတွင်း တရားရုံးမှာ ရုံးထုတ်ဖို့ ရှိတယ်လို့ တရားရေးဌာနက ပြောကြားခဲ့ပါတယ်။
ဂျက်ကော့ပ်ရဲ့ဗီဒီယိုဟာ တင်ခဲ့ပြီးနောက်မှာလည်း ကြည့်ရှုသူတွေဆီက ဝေဖန်မှုတွေ များစွာရရှိခဲ့ပါတယ်။ အင်ဂျင်ပြဿနာဖြစ်ပုံပေါ်တဲ့ လေယာဉ်မှာ အင်ဂျင်ကို ပြန်လည်စတင်ဖို့ အခြေခံအဆင့်တွေတောင် မလုပ်ဆောင်ခဲ့ဘူးလို့ လေယာဉ်မှူးနဲ့ လေကြောင်းကျွမ်းကျင်သူတွေက မှတ်ချက်ပေးခဲ့ကြပြီး အခြားသူတွေကလည်း သူဟာ လေယာဉ်နဲ့အတူ ဆင်းသက်တဲ့နေရာကို ဘေးကင်းစွာ ပျံသန်းနိုင်ခဲ့ပုံပေါ်ကြောင်းနဲ့ လေယာဉ်မောင်းနေတုန်း လေထီးထည့်ထားတဲ့အိတ်ကို လွယ်ထားတာကလည်း အထူးအဆန်းဖြစ်နေခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref; Insider