၁၂. ၅. ၂၀၂၃
Translated by Htwe Ko Tun
ဗြိတိန်နိုင်ငံက ယူကရိန်းသို့ Storm Shadwow တာဝေးပစ်ခရု့စ် ဒုံးကျည်များကို ထောက်ပံ့မှုများပြုခဲ့ရာ မေလ ၁၁ ရက်တွင် ယူကရိန်းသို့ ပထမဆုံးသော တာဝေးပစ်ဒုံးကျည်ထောက်ပံ့သည့်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။
၎င်းဒုံးကျည်တို့ဖြင့် ယူကရိန်းတပ်ဖွဲ့များက ရုရှားတပ်ဖွဲ့များကို တိုက်ခိုက်မှုများပြုလာနိုင်မည့်အပြင် ယူကရိန်းရှေ့တန်းတပ်ဖွဲ့များကိုလည်း လက်နက်အထောက်အကူများအဖြစ် ပေးပို့နိုင်မည်ဖြစ်သည်။
ယူကရိန်းက တာဝေးပစ်ခရု့စ်ဒုံးကျည်များရရှိရေး တောင်းဆိုလာသည်မှာ လအတန်ကြာလာပြီဖြစ်သည်။ သို့သော် ဗြိတိန်၊ အမေရိကန်နှင့် အခြားမဟာမိတ်များက ယခင်က တာတိုပစ်ဒုံးကျည်များကိုသာ အကန့်အသတ်ဖြင့်ပေးပို့ခဲ့ကြပြီး တာဝေးပစ်ဒုံးကျည်များကိုမူ မပေးပို့ခဲ့ကြချေ။ ယခုအခါတွင်မူ UK ကာကွယ်ရေးဝန်ကြီး ဘန်ဝယ်လေ့စ်က ထိုသို့ ပေးပို့ခြင်းမှာ ယူကရိန်းနိုင်ငံ၏ ပိုင်နက်နယ်မြေကာကွယ်ရေး အသုံးပြုနိုင်ရန်ဖြစ်ပြီး ၎င်းတို့ကို ရုရှားနိုင်ငံအတွင်း ဦးတည်ပစ်ခတ်ရန်မဟုတ်ဟု ယူကရိန်းအစိုးရ၏ အာမခံချက်ကိုလည်း ရရှိခဲ့ကြောင်း ဗြိတိန်ပါလီမန်သို့ ပြောခဲ့သည်။
ရုရှားအစိုးရက အကယ်၍ UK အနေဖြင့် တာဝေးပစ်ဒုံးကျည်များ ယူကရိန်းသို့ထောက်ပံ့လျှင် ရုရှားစစ်ဖက်၏ တုံ့ပြန်မှုကိုကြုံတွေ့ရလိမ့်မည်ဟု အစောပိုင်းက သတိပေးခဲ့သည်။ ရုရှားဘက်က ပြီးခဲ့သည့်ရက်များအတွင်း ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်တိုက်ခိုက်မှုများပြုခဲ့သည်။ ၎င်းတို့က ယူကရိန်း၏စွမ်းဆောင်နိုင်ရည်ကို အဆင့်နှိမ့်ချရန် တိုက်ခိုက်ချင်းသာဖြစ်ပြီး အရပ်သားများသို့ တစ်ဖက်သတ်ဦးတည်ပစ်ခတ်ခြင်းမဟုတ်ဟု ရုရှားအစိုးရက ပြောခဲ့သည်။ ယူကရိန်းအစိုးရကလည်း ခြောက်လကြာခန့် ၎င်း၏တပ်ဖွဲ့များ ခံစစ်အနေအထားတွင်သာ ရှိနေခဲ့ပြီးနောက် တန်ပြန်ထိုးစစ်တစ်ရပ် မကြာမီ ပြုလုပ်မည်ဟု မျှော်လင့်ရသည်။
Storm Shadwow တာဝေးပစ်ခရု့စ် ဒုံးကျည်များက ဥရောပဒုံးကျည်ထုတ်လုပ်သည့်ကုမ္ပဏီ MBDA မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ဝေဟင်သို့ ပစ်လွှတ်တိုက်ခိုက်နိုင်သော တာဝေးပစ်ဒုံးကျည်များဖြစ်သည်။ အဆင့်မြင့်ပစ်မှတ်များကို တိုက်ခိုက်ရန် ပုံစံထုတ်ထားပြီး ဘန်ကာအမာစားများကိုလည်း ဖောက်ထွင်းနိုင်ကာ အကွာအဝေး ၂၅၀ ကီလိုမီတာ(၁၅၅ မိုင်) အထိ ပစ်ခတ်နိုင်သည်။
လန်ဒန်အခြေစိုက် Royal United Services Institute မှ စစ်ဘက်လေ့လာသူတစ်ဦးဖြစ်သည့် Sidharth Kaushai က Storm Shadwow တာဝေးပစ်ခရု့စ် ဒုံးကျည်များကို ယူကရိန်းတို့က သိသာသည့်နည်းလမ်းနှစ်ခုဖြင့် အသုံးပြုလာနိုင်ကြောင်း၊ ပထမနည်းလမ်းမှာ ဝေးကွာသောနေရာများရှိ ရုရှားလက်နက်တိုက်များကို တိုက်ခိုက်ရန်ဖြစ်ပြီး ဒုတိယနည်းလမ်းမှာ ယူကရိန်းသို့ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသော ခရိုင်းမီးယားဆိပ်ကမ်းမြို့ဖြစ်သည့် ဆီဗာစတိုပေါလ်မြို့ဆိပ်ကမ်းမှ ရုရှားရေတပ်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်ရန်တို့ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
UK က ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းသို့ စစ်ရေးအထောက်အပံ့ ၂ ဒသမ ၃ ဘီလျံ ပေါင်စတာလင်( အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလျံ) ဖိုး ပေးပို့ခဲ့ရာ အမေရိကန်ပြီးလျှင် ဒုတိယအများဆုံး ယူကရိန်းသို့ စစ်ရေးအထောက်အပံ့ပေးသောနိုင်ငံဖြစ်သည်။
Ref—–Reuters