၁၂. ၅. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံမှ ထွက်ရှိသည့် မတ်ပဲနှင့် ပဲစဥ်းငုံတို့ကို အိန္ဒိယအစိုးရက လွတ်လပ်စွာ တင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ပဲစိုက်ရာသီတွင် ပြည်တွင်းရှိတောင်သူများ မတ်ပဲနှင့် ပဲစဥ်းငုံ အဓိကစိုက်ပျိုးရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက မေ ၁၂ ရက်တွင် အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့သည့် မတ်ပဲနှင့် ပဲစဥ်းငုံများကို အိန္ဒိယအစိုးရက လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့်ကာလအား ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ ခွင့်ပြုထားသည့်အတွက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ၊ ပြည်ပတင်ပို့သည့် လုပ်ငန်းစဥ်တလျှောက် ပါဝင်ဆောင်ရွက်သူများအားလုံး အကျိုးကျေးဇူး ပိုမိုရရှိစေမည်ဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် မတ်ပဲနှင့် ပဲစဥ်းငုံတို့ကို ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် စိုက်ပျိုးရာသီချိန်တွင် အဓိကထားစိုက်ပျိုးသင့်ကြောင်းနှင့် ရာသီအမီ စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသင့်ကြောင်း အသိပေးကြေညာထားသည်။
မတ်ပဲနှင့် ပဲစဥ်းငုံတို့သည် အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့သည့် ပိုကုန်ဈေးကွက်ဖြစ်ပြီး ပဲစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူအများစုနှင့်လည်း အကျွမ်းတဝင်ဖြစ်သော သီးနှံအမျိုးအစားဖြစ်သည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ ပဲများတင်သွင်းခွင့်ကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး အိန္ဒိယနိုင်ငံတွင်လည်း ဒေသတွင်း ပဲလိုအပ်ချက်များရှိနေသဖြင့် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း ပြောင်းလဲမှုမရှိသော်လည်း ပြည်ပသို့ အဓိကတင်ပို့သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဥ်းငုံ အမျိုးအစားများ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်၍ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
“မတ်ပဲပေါ်ချိန်က မြန်မာလနဲ့ဆို တပို့တွဲ (ဖေဖော်ဝါရီလဝန်းကျင်)ပေါ့။ အဲဒီအချိန်တုန်းက တစ်တင်းကို ၆၅,၀၀၀ ပဲရှိတာ။ အခုဆို တစ်တင်းကို ၇၁,၅၀၀ အထိဖြစ်သွားတော့ တင်း ၁၀၀ ဆို သိန်း ၇၀ ကျော်နေပြီ။ ဒါပေမဲ့ တောင်သူတွေမှာက အများကြီးမရှိတော့ဘူး။ များများစိုက်တဲ့သူတွေတောင် တင်း ၅၀ လောက်ပဲကျန်တာ။ ရောင်းတာက အခုရောင်းရင် အခုချက်ချင်းကို ဝယ်တာ” ဟု ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ မတ်ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။
မတ်ပဲစိုက်ပျိုးမှုသည် မြေအမျိုးအစားအပေါ်မူတည်၍ တစ်ဧကကို ၁၅ တင်းမှ တင်း ၂၀ ကျော်ထွက်ရှိပြီး တစ်ဧကအနည်းဆုံး ခုနစ်တင်းထွက်ရှိပါက စိုက်ပျိုးစရိတ်ပြန်လည်ရရှိသဖြင့် ၂၀၂၂ ခုနှစ်တွင် ယခင်က မတ်ပဲမစိုက်သည့် တောင်သူများကပါ မတ်ပဲစိုက်ပျိုးမှုရှိကြောင်း သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရက်သတ္တပတ် သုံးပတ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၇၇,၀၀၀ ကျော်တင်ပို့မှ ဒေါ်လာသန်း ၆၀ နီးပါးရရှိခဲ့ပြီး ယင်းအနက် မတ်ပဲတန်ချိန် ၂၂,၀၀၀ ကျော်တင်ပို့မှ ဒေါ်လာ ၁၇ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။