၁၂. ၅. ၂၀၂၃
Written by Peya
မိုခါကြောင့် ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီအချိန်က စတင်ကာ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်သို့ လုံးဝမထွက်ရန် ရေယာဉ်များကို ညွှန်ကြားထားပြီး မလိုက်နာလျှင် အရေးယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ဘင်္ဂလားပင်ဘယ်အော်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည် တိုက်ခတ်နေသဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန် ယခင်ရက်များက အသိပေးထားသည်။
ယခုအခါ မုန်တိုင်းသည် လာမည့် ၄၈ နာရီအတွင်း စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်မည်ဟု သတင်းထုတ်ပြန်လိုက်ပြီဖြစ်ကာ မုန်တိုင်းသည် အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၁၀ အထိ ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း ၁၃ ပေ မှ ၁၆ ပေ အထိ ရောက်ရှိမည် ဖြစ်သောကြောင့် ငါးဖမ်းရေယာဉ်များ၊ လှေများ၊ သင်္ဘောများအတွက် အထူးအန္တရာယ် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ မေလ ၁၂ ရက် မွန်းလွဲပိုင်း ၂ ချိန်က စတင်ကာ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်သို့ ငါးဖမ်းရေယာဉ်များ၊ လှေများ၊ သင်္ဘောများ လုံးဝမထွက်ရန် ညွှန်ကြားထားပြီး လိုက်နာဆောင်ရွက်ခြင်း မရှိလျှင် သက်ဆိုင်ရာက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မေလ ၁၂ ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)”သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ (MOCHA)”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်တောင်ဘက် ရေမိုင် (၄၀၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပိုပလဲယား(Port Blair)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။