၁၂. ၅. ၂၀၂၃
Written by Pan Ei
တွစ်တာရဲ့ လက်ရှိစီအီးအီု Elon Musk ဟာ တွစ်တာအတွက် အမှုဆောင်အရာရှိချုပ် (စီအီးအို) အသစ်တစ်ဦးကို တွေ့ရှိထားတယ်လို့ မေလ ၁၁ ရက်(ကြာသပတေးနေ့)က ပြောကြားခဲ့ပါတယ်။
Elon Musk ကတော့ တွစ်တာရဲ့ နည်းပညာအရာရှိချုပ်ရာထူးကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကူးပြောင်းသွားမှာဖြစ်ပြီး “တွစ်တာအတွက် စီအီးအို အသစ်တစ်ယောက် ခန့်အပ်လိုက်ကြောင်း ကြေညာရတာ စိတ်လှုပ်ရှားမိပါတယ်။ သူမဟာ လာမယ့် ၆ ပတ်အတွင်း စတင်တော့မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက တွစ်တာကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူမှုအပြီးမှာ တွစ်တာရဲ့ စီအီးအိုအဖြစ် တာဝန်ယူခဲ့တဲ့ Elon Musk က အလုပ်နေရာအတွက် သင့်တော်တဲ့သူတစ်ယောက်ကိုတွေ့တာနဲ့ စီအီးအိုအဖြစ်ကနေ နှုတ်ထွက်တော့မယ်လို့ ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။
ဟောလိဝုဒ်အမှုဆောင်ဟောင်းတစ်ဦးရဲ့ ပြောကြားချက်အရ တွစ်တာကို ဦးဆောင်ဖို့ Yaccarino ကို Elon Musk က ရွေးချယ်ခဲ့တာဖြစ်နိုင်တယ်လို့ Reuters သတင်းမှာ ဖော်ပြခဲ့ပါတယ်။
Yaccarino ဟာ Turner အင်တာတိန်းမန့်မှာ ၁၅ နှစ်ကြာလုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ NBCU ကို ဝင်ရောက်ခဲ့ပြီး ကွန်ရက်ရဲ့ ကြော်ငြာရောင်းချမှုလုပ်ငန်းစဉ်ကို ဒစ်ဂျစ်တယ်အနာဂတ်ဆီ ဆွဲခေါ်ပေးနိုင်ခဲ့တာကြောင့် ဂုဏ်ပြုခြင်းခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။
Elon Musk ရဲ့ တွစ်တာ စီအီးအိုအသစ်ကို ရှာတွေ့ခဲ့တယ်ဆိုတဲ့ ပိုစ့်တင်အပြီးမှာ Elon Musk ပိုင် Tesla ကားကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နာရီပိုင်းအတွင်း ၁ ဒသမ ၆ ရာခိုင်နှုန်း ထပ်မံမြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက Elon Musk ကောက်ယူခဲ့တဲ့ တွစ်တာ စစ်တမ်းတစ်ခုမှာ သုံးစွဲသူ ၅၇ ဒသမ ၅ ရာခိုင်နှုန်းက ဆိုရှယ်မီဒီယာပလက်ဖောင်းရဲ့ စီအီးအိုအဖြစ်က နှုတ်ထွက်ဖို့ မဲပေးခဲ့ကြပါတယ်။
တွစ်တာရဲ့ စီအီးအိုအဖြစ် Elon Musk တာဝန်ယူပြီး ပထမဆုံးနှစ်ပတ်တာကာလအတွင်းမှာ လျင်မြန်တဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပြီး တွစ်တာရဲ့ စီအီးအိုဟောင်းဖြစ်သူ Parag Agrawal နဲ့ အခြားအကြီးတန်းခေါင်းဆောင်တွေကို လျင်မြန်စွာ ရာထူးကထုတ်ပယ်ခဲ့သလို နိုဝင်ဘာလတုန်းကလည်း တွစ်တာကုမ္ပဏီ ဝန်ထမ်းတစ်ဝက်ခန့်ကိုလည်း ထုတ်ပယ်ခဲ့ပါတယ်။
REF; Reuters