MT News
Written by Thettant
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး မြန်မာနိုင်ငံကို ဦးတည်တိုက်ခတ်နိုင်မည်ဖြစ်ကြောင်းနှင့် လူပေါင်း ၃ သန်းခန့် ထိခိုက်နိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination System−GDACS) ၏ ယနေ့ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေစသည့်မြို့ကြီးများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသသို့ ဝင်ရောက်ရန် ဦးတည်နေသည့် မိုခါမုန်တိုင်းသည် တစ်နာရီလျှင် ၁၀၉ မိုင်ကျော် တိုက်ခတ်နိုင်ကြောင်း GDACS က ခန့်မှန်းထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) မိုခါသည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်တောင်ဘက် ရေမိုင်(၄၅၅) မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၇၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်-အနောက် မြောက်ဘက် ရေမိုင်(၄၅၀)မိုင်ခန့်၊ ပို့ဘလဲယား(PortBlair)၏ အနောက်ဘက် ရေမိုင်(၂၈၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar) ၏ တောင်-အနောက်တောင်ဘက်ရေမိုင်(၆၂၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မြန်မာစံတော်ချိန် ၅ နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ (၅၅)မိုင်နှုန်းခန့် ဖြစ်သည်။
အဆိုပါ ဆိုင်ကလုန်းမိုခါသည် မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) မိုခါ အဖြစ်သို့လည်းကောင်း၊ ၁၂ ရက်နေ့တွင် မြောက်- အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်း သော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) မိုခါအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” သည် ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu)တို့ကြား စစ်တွေမြို့(Sittwe)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုမိုး/ဇလက ခန့်မှန်းထားသည်။