MT News
Written by Thettant
ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် ယှဥ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံး U-22 အသင်း တစ်ပွဲနိုင်တိုင်း ကျပ်သိန်း ၃၀၀ ဆုချနေပြီး အကြိုဗိုလ်လုပွဲတက်၍ သိန်း ၆၀၀ ဆုချမှုကြောင့် ကျပ်သိန်း ၁၅၀၀ အထိ ဆုရရှိထားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသား U-22 အသင်းမှာ ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် တီမော၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့နှင့် ဆုံတွေ့ခဲ့ရပြီး အင်ဒိုနီးရှားကို ရှုံး၍ ကျပ်သိန်း ၉၀၀ သာ ဆုကြေးရရှိသော်လည်း အိမ်ရှင်ကို ဖြုတ်ချ၍ ဆီမီးတက်နိုင်ခဲ့ခြင်းကြောင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် နာယကတို့က သိန်း ၆၀၀ ချီးမြှင့်သဖြင့် ကျပ်သိန်း ၁၅၀၀ ဆုရရှိမှုအပေါ် ဝမ်းသာကျေးဇူးတင်ကြောင်း U-22 အသင်း၌ SEA Games တွင် ခြေစွမ်းပြခဲ့သူ ဟိန်းထက်အောင်က ပြောသည်။
ထို့အတူ မြန်မာအသင်းကို ဆီမီးတက်စေခဲ့သူ သက်ဟိန်းစိုးကလည်း”အုပ်စုလေးပွဲမှာ သုံးဂိုးသွင်းနိုင်လို့ အရမ်းကိုပျော်ပါတယ်။ ပီတိလည်းဖြစ်မိပါတယ်။ ဂိုးရအောင်ဖန်တီးပေးတဲ့အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့အဓိကတာဝန်က နောက်တန်းဖြစ်ပါတယ်။ နောက်တန်းမှာ အခုလာမဲ့လေးပွဲမှာ သုံးပွဲကဂိုးမပေးရဘူး။ နောက်ပွဲမှာ ဆီမီးဖိုင်နယ်ပွဲစဥ်မှာ ဂိုးမပေးရအောင်ကြိုးစားပါ့မယ်။ ဆော့ခဲ့တဲ့ပွဲမှာ ကမ္ဘောဒီးယားနဲ့ပွဲကို အရမ်းအားရပါတယ်။ ဒီပွဲမှာ ထောင့်ကန်ဘောကနေ ခွန်ကျော်ဇင်ဟိန်းနဲ့ ကိုဟိန်းထက်အောင်ချိတ်ဆက်မှုကနေ ကိုဟိန်းထက်အောင် အလိုက်သင့် မ,ပေးတာကို အလိုက်သင့်ပိတ်သွင်းနိုင်ခဲ့လို့ အရမ်းကိုကျေနပ်ပါတယ်” ဟု ပြောသည်။
မြန်မာအသင်းသည် ကမ္ဘောဒီးယားဆီးဂိမ်းစ် အကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။