MT News
Written by Nay Moe
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF များက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းဆရာမတစ်ဦးနှင့် ကလေးငယ် ၁ ဦးတို့ သားအမိသေဆုံးကာ အငယ်ဆုံးဖြစ်သူ ၂ လသားအရွယ်ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်တစ်လုံးနှင့် စာသင်ကျောင်းတို့ပျက်စီးဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်မှာ မေလ ၁၀ ရက်နေ့ ည ၉ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ PDF များက ကံကြီးကျေးရွာဘက်မှနေ၍ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြိုင်မြို့ပေါ်ရှိ အမှတ်(၃) ရပ်ကွက်နေ ဦးညိုသင်း(၅၆)နှစ် (ဘ)ဦးမောင်ကြည်၏ နေအိမ်နှင့် အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများပေါ်သို့ လက်လုပ်ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သည်။
ထို ပေါက်ကွဲမှုကြောင့် ဦးညိုသင်း၏ နေအိမ်အတွင်းရှိနေသည့် ၎င်း၏ ညီမဖြစ်သူ မကျီးကန် ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်အိမာမြင့်(၃၀)နှစ်နှင့် သားဖြစ်သူ မောင်ကျော်စံလင်း(၇)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ သားငယ်ဖြစ်သူ မောင်ဇော်ဝေယံဦး(၂)လ (ဘ)ဦးရဲကိုတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်ပြတင်းပေါက်မှန် ၅၂ ချပ်နှင့် မျက်နှာကြက် ၄၅ ချပ်တို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူ ကလေးငယ်တစ်ဦးအား ဆေးကုသနိုင်ရေး မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။