◾️အမှုမှန်ပေါ်ပေါက်ရေးကို မဆောင်ရွက်ဘဲ သက်ငယ်မုဒိမ်းတရားခံအား ကာကွယ်ပေးနေမှုကိုပါ မေးခွန်းထုတ်
၁၂. ၅. ၂၀၂၃
Written by Nay Moe
ရန်ကုန်တက္ကသိုလ် CDM တွဲဘက်ပါမောက္ခဟောင်း၏ ငါးနှစ်အရွယ်သမီးငယ်အား သက်ငယ်မုဒိမ်းပြုကျင့်သည့် NLD ပါတီအတွင်းရေးမှူး အောင်မင်း ကို မဲဆောက်မြို့အထိတက်ကာ ဖမ်းဆီးထားသည့် NUG က ပွင့်လင်းမြင်သာစွာဖြင့် တရားမျှတမှု ဖော်ထုတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက ယနေ့ တောင်းဆိုလိုက်သည်။
သက်ငယ်မုဒိမ်းပြုကျင့်သူ NLD ပါတီဝင်အောင်မင်းကို NUG ၏ ပြည်ထဲရေးဌာနက ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ သွားရောက်ဖမ်းဆီးပြီးနောက် ထိုသို့ သူတစ်ပါးနိုင်ငံတွင် ဥပဒေမဲ့လုပ်ကိုင်ခြင်းနှင့် သက်ငယ်မုဒိမ်းပြုကျင့်ခံရသည့် ငါးနှစ်အရွယ်ကလေးငယ်ကို မဲဆောက်ဆေးရုံတွင် ဆေးစစ်ခဲ့ခြင်းကြောင့် သက်ငယ်မုဒိမ်းတရားခံမှာ NUG က ဆက်လက်ဖမ်းဆီးထားခြင်း၊ ဖမ်းဟန်ပြုကာ လွှတ်ပေးခြင်း၊ ထိုင်းရဲသို့ လွှဲပြောင်းခြင်း စသည်ဖြင့် အရေးယူခံရမှုမရှိကြောင်း သတင်းများပါ ထွက်ပေါ်လာနေပြီး NUG ကမူ မည်သည့် ထုတ်ပြန်ချက်မျှ မထုတ်ပြန်သဖြင့် အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်စာဖြင့် တောင်းဆိုလာခြင်းဖြစ်သည်။
NLD ပါတီအတွင်းရေးမှူး သက်ငယ်မုဒိမ်းပြုကျင့်သူအောင်မင်းနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်၏ တောင်းဆိုစာတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့ပြီး ငါးနှစ်အရွယ်သမီးငယ် လိင်ပိုင်းဆိုင်ရာကျုးလွန်ခံရမှုအတွက် NUG က ပွင့်လင်းမြင်သာစွာ တရားမျှတမှုဖော်ထုတ်ပေးရန်၊ NLD ပါတီအတွင်းရေးမှူး အောင်မင်း၏ သက်ငယ်မုဒိမ်းပြုကျင့်ခံရသူ ငါးနှစ်သမီးငယ်၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကုစားမှုအပြင် လုံခြုံရေးနှင့် ကျန်းမာရေးအတွက် NUG က ဆောင်ရွက်ပေးထားမှု အခြေအနေထုတ်ပြန်ပေးရန်၊ သက်ငယ်မုဒိမ်းတရားခံဟု ယူဆရသူ အောင်မင်းကို NUG က မည်သို့ဆောင်ရွက်ထားသည် ဖော်ပြပေးရန် စသည်ဖြင့် တောင်းဆိုထားသည်။
ထို့အပြင် အမှုမှန်ပေါ်ပေါက်ရေးကို မဆောင်ရွက်ဘဲ သက်ငယ်မုဒိမ်းတရားခံကို ကာကွယ်ပေးသူမည်သူမဆို တာဝန်ခံရမည်ဖြစ်ကြောင်းနှင့် NLD ပါတီအတွင်းရေးမှူး အောင်မင်း၏ နိုင်ငံရေးအင်အားနောက်ခံရှိမှုကို မလွှမ်းမိုးနိုင်ဘဲ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုဖော်ဆောင်မပေးနိုင်ပါက NUG ၏ တာဝန်ယူ၊ တာဝန်ခံမှုကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်းနှင့် NUG အပေါ် ယုံကြည်မှုကျဆင်းလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
NUG ပါတီ အတွင်းရေးမှူး အောင်မင်း၏ သက်ငယ်မုဒိမ်းပြုကျင့်မှုဖြစ်စဥ်မှာ ဧပြီလက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ရေနှင့်ပတ်ဝန်းကျင်ပညာဌာန၏ တွဲဘက်ပါမောက္ခအဖြစ်မှ CDM ပြုလုပ်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေါက်တာဒေါ်….၏ ငါးနှစ်အရွယ်သမီးငယ်အား ယင်းကဲ့သို့ပင် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် NLD ပါတီဝင် အတွင်းရေးမှူးတစ်ဦးက သက်ငယ်မုဒိမ်းပြုကျင့်သဖြင့် NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနသို့ မေလ ၂ ရက် ရက်စွဲဖြင့် တိုင်ကြားခဲ့သည်။ အဆိုပါ တိုင်ကြားစာတွင် ထို CDM တွဲဘက်ပါမောက္ခ၏ သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်သူမှာ “တွံတေးမြို့နယ် NLD ပါတီအလုပ်အမှုဆောင်၊ အတွင်းရေးမှူး အောင်မင်း” ဆိုသူဖြစ်ကြောင်း ဖော်ပြထားပြီး သက်ငယ်မုဒိမ်းပြုကျင့်သူ အောင်မင်းကို NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနက မဲဆောက်မြို့အထိ ဝင်ရောက်လက်ထိပ်ခတ်ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းများထွက်ပေါ်နေသည်။
ထိုသို့ NLD ပါတီအတွင်းရေးမှူးအောင်မင်း ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှုကို NUG က ကိုင်တွယ်နေပြီး လွဲမှားအားနည်းမှုအတွက် NUG ကိုသာ အပြစ်တင်ရန်လည်း NUG ဝန်ကြီးဦးအောင်မျိုးမင်းက တောင်းပန်ထားသည်။