၁၁. ၅. ၂၀၂၃
Written by Thettant
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ကျောက်ဖြူနှင့်စစ်တွေအနီးမှ တစ်နာရီ မိုင် ၁၀၀ ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ပြည်သူများ ကြိုတင်သတိပြုရှောင်ရှားရန် လိုအပ်လာနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းထွာမှုများနှင့် မိုးလေဝသပညာရှင်များက သတိပေးထားသည်။
အဆိုပါ မိုခါသည် နောက်(၁၈)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမည်ဖြစ်ပြီး မေ ၁၂ ရက်နေ့တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်း ကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” သည် မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu)တို့ကြား စစ်တွေမြို့ (Sittwe)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။
“အမြန်ပြောင်းရွှေ့ကြပါတော့။ မိုခါမုန်တိုင်းသည် ၁၄ ရက်နေ့မှာ မုန်တိုင်းဗဟိုချက် စစ်တွေ၊ ရသေ့တောင်ကြား မန်ကျည်းချောင်းကနေပြီးဝင်ရောက်မှာဖြစ်ပါတယ်။ မုန်တိုင်းဝန်း မိုင်၅၀ ကျော်ရှိလို့ မြေငူကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ မြေပု၊ ပုဏ္ဍားကျွန်းမြို့၊ မြောက်ဦးအထိအခိုက်အပျက်အစီးများနိုင်ပါတယ်။ မုန်တိုင်းဝင်ရောက်စဥ် တစ်နာရီ မိုင် ၉၀ မှ လေပြင်းတိုက်ချိန် ဆောင့်တိုက်လေ ၁၀၀ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ ရေလှိုင်းအမြင့် ၃၂ ပေ မှ ၃၆ ပေအထိ ရှိနိုင်ပါတယ်။ မိုးရေချိန် ၂၀၀ မီလီမီတာမှ ၃၀၀ မီလီမီတာအထိ ရွာသွန်းနိုင်လို့ မိုးအလွန်ကြီးမှာဖြစ်ပါတယ်။ ဘေးကင်းရာ ကုန်းမြင့် လုံခြုံတဲ့နေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြပါလို့ အကြံပြုလိုက်ပါတယ်”ဟု လူမှုကွန်ရက် မိုးလေဝသပညာရှင်စုစုစံက အသိပေးထားသည်။
မိုခါ၏ တိုက်ခတ်မှုကြောင့် ယနေ့မွန်းလွဲမှ မေလ ၁၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၈၀)မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၃)ပေမှ (၁၆) ပေခန့် ရှိနိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်မည်ဖြစ်သည်။
မိုခါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၉၀)မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၇)ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
“JTWC နဲ့ GDACS ထုတ်ပြန်ချက်အသစ်တွေမှာ မုန်တိုင်းဒဏ်(လေတိုက်နှုန်း ၁၆၇ ကီလိုမီတာနှုန်း – တစ်နာရီ ၁၀၃.၇ မိုင်)နှင့်အထက် ခံစားရမဲ့လူဦးရေ ၃ သန်းအထိ ဖြစ်လာပြီး မုန်တိုင်းကုန်းတွင်းဝင်ကာနီးမှာ လေတိုက်နှုန်းတစ်နာရီ ၁၃၂.၃၃ မိုင်အထိ ရှိလာနိုင်တာကြောင့် CAT-2 ဆိုင်ကလုန်းဖြစ်လာနိုင်ပါမယ်။ ရှေ့ Post တွေမှာ ရှင်းပြပေးခဲ့ဘူးတဲ့ “RI” – Rapid Intensification (ရုတ်တရက် အားပိုကောင်းလာခြင်း)ကို ရင်ဆိုင်ကြရတော့မဲ့ အခြေအနေ ဖြစ်လာကြောင်း အသိပေးလိုပါတယ်”ဟု မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကလည်း အသိပေးထားသည်။