၁၁. ၅. ၂၀၂၃
Written by Ye Kyaw
မုန်တိုင်းသတင်းများကြောင့် ပြည်တွင်း ဆန်လက်လီဈေးကွက်တွင် ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ကျပ်တစ်သောင်းကျော် ထပ်မံမြင့်တက်မှုများရှိကြောင်း ပြည်တွင်း ဆန်လက်လီအရောင်းဆိုင်များမှ သိရသည်။
“ဆန်က မုန်တိုင်းသတင်းကြားထဲကကို တက်နေတာ။ မုန်တိုင်းတောင်မလာသေးဘူး။ ဆန်က အမျိုးအစားအားလုံးဈေးတက်တာ။ အခုဆို ဆန်က ရက်ပိုင်းအတွင်းမှာတင် ဆန်တစ်အိတ်ကို ၁၀,၀၀၀ နဲ့ ၁၅,၀၀၀ လောက်အထိ ဈေးတက်သွားတာ။ ပစ္စည်းမဝင်တာလည်းပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားလမ်းဈေးတွင် ဆန်ရောင်းချနေသူတစ်ဦးက ပြောသည်။
ပြည်တွင်းဆန်ဈေးနှုန်းသည် နှစ်စဥ်မေလတွင် ဈေးနှုန်းမြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ဧပြီလမှစတင်၍ ယခင်နှစ်က စျေးနှုန်းမြင့်တက်မှုများထက် ထပ်မံမြင့်တက်မှုများရှိခဲ့ပြီး မုန်တိုင်းမိုခါ ဝင်ရောက်နိုင်သည်ဆိုသော သတင်းများကြောင့်လည်း ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်မှုများရှိခဲ့ခြင်းဖြစ်သည်။
ဆန်စပါး စုဆောင်းထားမှုနှင့် ဆန်စပါးဖူလုံမှု အပြည့်အဝရှိသဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူစုဆောင်မှုများ မပြုလုပ်ပါရန်နှင့် လိုအပ်သောပမာဏကိုသာ ဝယ်ယူရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန် ဝယ်ယူရရှိရန် အခက်အခဲရှိပါက အသင်းချုပ်၊ ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များနှင့် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မေလ ၇ ရက်တွင် ကြေညာထားသည်။
သို့သော်လည်း မေလ ၁၁ ရက်တွင် ဆန်လက်ကားဈေးကွက်၌ပင် ကြားပျံရှယ် ဆန်တစ်အိတ်ကို ၉၂,၀၀၀ ကျပ်၊ မြောင်းမြ/ပုသိမ် ပေါ်ဆန်း ဆန်တစ်အိတ်ကို ၈၅,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ဆန်တစ်အိတ်ကို ၈၆,၀၀၀ ကျပ်၊ ဧည့်မထဆန်တစ်အိတ်ကို ၅၈,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်တစ်အိတ်ကို ၇၀,၀၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်းများမြင့်တက်မှုရှိကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ သိရသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းနှင့် နှိုင်းယှဥ်ပါက လက္ကားဆန်ကုန်စည်ဒိုင်၏ ဈေးနှုန်းများသည် ကြားပျံရှယ်ဆန် တစ်အိတ်ကို ၇,၀၀၀ ကျပ်၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်းဆန် တစ်အိတ်ကို ၅,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းဆန် တစ်အိတ်ကို ၄,၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ရက် ၉၀ ဆန် တစ်အိတ်ကို ၅,၀၀၀ ကျပ်ဖြင့် ဆန်အမျိုးအစားအလိုက် တစ်အိတ်ကို ၅၀၀၀ ကျပ် ဝန်းကျင် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။