၁၁. ၅. ၂၀၂၃
Written by Pan Ei
ပိုင်ဆိုင်မှုဒေါ်လာ ၃ သန်းသာရှိပြီး တစ်ဘဏ်လုံးမှာ ဝန်ထမ်းနှစ်ဦးပဲရှိတဲ့အပြင် အေတီအမ်စက်မရှိ၊ ဝက်ဘ်ဆိုတ်မရှိ၊ ငွေလွှဲခပေးစရာမလိုတဲ့ Kentland Federal Savings and Loan (Kentland ဖယ်ဒရယ် စုဆောင်းငွေနဲ့ ချေးငွေလုပ်ငန်း) ဟာ အမေရိကန်မှာ အသေးငယ်ဆုံးဘဏ်ဖြစ်ပြီး ဖွင့်လှစ်ခဲ့တာတော့ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဘဏ်လုပ်ငန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ JPMorgan Chase၊ Morgan Stanley၊ Citigroup၊ Wells Fargo နဲ့ Bank of America တို့ကို ကြားဖူးနိုင်ကြပေမဲ့ Kentland Federal Savings and Loan ဆိုတာကလည်း တရားဝင်အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ အသေးငယ်ဆုံးဘဏ် ဖြစ်ပါတယ်။
Kentland ဖယ်ဒရယ် စုဆောင်းငွေနဲ့ ချေးငွေလုပ်ငန်းကို ၁၉၂၀ မှာ လက်ရှိ စီအီးအိုရဲ့ အဘိုးဖြစ်သူက စတင်တည်ထောင်ခဲ့ပြီး ဘဏ်ခွဲတွေမရှိဘဲ တစ်ခုတည်းသော ဘဏ်အနေနဲ့ အင်ဒီယာနာပြည်နယ်၊ ကန့်တလန်မြို့မှာ ဖွင့်လှစ်ခဲ့တာဖြစ်သလို အိမ်ပေါင်နှံခြင်း၊ ငွေစုအကောင့်ဖွင့်ခြင်းနဲ့ အပေါင်စာချုပ်လက်မှတ်ဖွင့်ပေးခြင်းစတဲ့ ဝန်ဆောင်မှုသုံးခုသာ ပေးဆောင်ခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ၁၉၂၀ နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စတော့အိတ်ချိန်းအကျပ်အတည်းအတွင်း မပိတ်ခဲ့တဲ့ တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ပါတယ်။ လူတွေက သူတို့ပိုက်ဆံတွေ ဘယ်မှမပျောက်သွားဘူးလို့ လုံခြုံမှုရှိတယ်လို့ ခံစားရစေခဲ့ပါတယ်” လို့ စီအီးအို ဂျိမ်းစ်အေဆမ်မွန် က ပြောကြားခဲ့ပါတယ်။
စီအီးအို ဆမ်မွန်နဲ့ သူရဲ့ အချိန်ပိုင်းအလုပ်သမားတို့ဟာ တိုးတက်နေတဲ့ နည်းပညာတွေထက် ချက်လက်မှတ်တွေရေးဖို့အတွက် သမားရိုးကျ ကုတ်နံပါတ်စက်တွေလိုမျိုး စက်ကိရိယာတွေကိုသာ အသုံးပြုကြပါတယ်။
Kentland ဖယ်ဒရယ် စုဆောင်းငွေနဲ့ ချေးငွေလုပ်ငန်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက တစ်ခုက နည်းပါးတဲ့ အမြတ်အစွန်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ငွေစုငွေစာရင်းနဲ့ ပေါင်နှံမှုတွေမှာ ပိုမိုကောင်းမွန်တဲ့နှုန်းထားတွေနဲ့ ပြည်တွင်းပြိုင်ဆိုင်မှုတွေကို အနိုင်ယူနိုင်ခဲ့ပေမဲ့လည်း ဘဏ်မှာ အေတီအမ် အခကြေးငွေမရှိတာ၊ ငွေလွှဲခတွေနဲ့ ငွေပေးချေမှု အခကြေးငွေတွေ လုံးဝမရှိတာကြောင့် သေးငယ်တဲ့ အမြတ်အစွန်းတွေကပဲ အမေရိကန်က အသေးငယ်ဆုံးဘဏ်ရဲ့ တစ်ခုတည်းသော ဝင်ငွေအရင်းအမြစ် ဖြစ်ပါတယ်။
Ref; Oddity Central