၁၁. ၅. ၂၀၂၃
Written by Min Mahar
ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်သို့ ဆယ်အိမ်မှုးသည် အလုပ်ကိစ္စဖြင့်လာရောက်စဉ်အတွင်း PDF အဖွဲ့ဝင် ၆ ဦးကသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသေဆုံးကာ ဆယ်အိမ်မှူး ဒဏ်ရာရရှိမှု စဥ့်ကူးမြို့နယ်တွင် ယမန်နေ့ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ သာယာဝတီကျေးရွာအုပ်စု၊ သာယာဝတီကျေးရွာတွင်နေထိုင်သည့် အသက် ၅၃ နှစ်ခန့်ရှိသောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နေအိမ်၌ရှိနေစဉ် အသက် ၂၆ နှစ်အရွယ် ဆယ်အိမ်မှူးဆိုသူသည် အလုပ်ကိစ္စဖြင့်ရောက်လာပြီး စကားပြောဆိုနေချိန်တွင် PDF အဖွဲ့ဝင်လူငယ် ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရွာအနောက်ဘက်လမ်းမှဝင်လာကာ အုပ်ချုပ်ရေးမှူးအိမ်ရှေ့အရောက်၌ သေနတ်များဖြင့်ပစ်ခတ်ပြီး ရွာအနောက်လမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
အဆိုပါသေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးသည် ဦးခေါင်းအားကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံကိုလည်း ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်နှင့် ယာဘက်နံစောင်းကိုပါကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ရရှိကာ နေရာ၌ပင်ပွဲချင်းပြီး သေဆုံသွားပြီး ရာအိမ်မှူးမှာမူ ဘယ်ဘက်ပေါင်အား ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းယာဉ်ဖြင့် စဥ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ယင်းအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် တရားခံများအားဖမ်းဆီးရမိရေးအတွက် လိုက်လံပိတ်ဆို့၍ စုံစမ်းမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။