MT News
Written by Thettant
ဖိလစ်ပိုင်ကိုသာ မြန်မာအသင်းက သရေကျသွားခဲ့ရင် တစ်ဖက်က အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားကို အရှုံးကန်ခဲ့ရင် အုပ်စုအဆင့်ကနေ ပြုတ်သွားနိုင်တဲ့ မြန်မာအသင်းဟာ ဖိလစ်ပိုင်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ကန်ပြီး အကြိုဗိုလ်လုပွဲကို တက်သွားခဲ့ပါပြီ။
ဒီနှစ် ဆီးဂိမ်းစ်ရဲ့ထူးခြားချက်အဖြစ်တော့ အကြိုဗိုလ်လုပွဲမှာ မြန်မာအမျိုးသမီးအသင်းရော မြန်မာအမျိုးသားအသင်းပါ သမိုင်းထဲကရန်ဘက် ထိုင်းအသင်းနဲ့ တွေ့ဆုံရဖွယ်ရှိနေတာပါ။ ဒါပေမဲ့ တစ်ဖက်မှာ ရမှတ်တူနေတဲ့ ထိုင်းနဲ့ ဗီယက်နမ်က နောက်ဆုံးပွဲကန်ဖို့ ကျန်နေသေးတာပါ။
ထပ်ပြီးထူးခြားတာက မြန်မာအသင်းရဲ့ အနိုင်ဂိုးတွေ၊ အနိုင်သေချာစေမဲ့ဂိုးတွေကို ဒိုင်ခံသွင်းပြီး ဒီနှစ်ဆီးဂိမ်းစ်မှာ အကြိုဗိုလ်လုပွဲတက်စေခဲ့သူက ရှေ့တန်းကစားသမားမဟုတ်ဘဲ နောက်ခံလူ သက်ဟိန်းစိုးဖြစ်နေပြီး တီမောကို တစ်ဂိုး ဂိုးမရှိနဲ့နိုင်တဲ့ပွဲရဲ့ အနိုင်ဂိုးရှင်၊ အိမ်ရှင်ကမ္ဘောဒီးယားနဲ့ပွဲမှာ အနိုင်သေချာစေတဲ့ ဒုတိယဂိုးကို ပီလီကစ်၊ ဘိုင်စကယ်ကစ်ကို ဘယ်ခြေနဲ့လှလှပပသွင်းသွားတဲ့ဂိုးနဲ့ ဒီနေ့ပွဲမှာလည်း ဆီးဂိမ်းစ်တစ်လျှောက်ခြေစွမ်းပြနေတဲ့ ဟိန်းထက်အောင်ရဲ့ ပြစ်ဒဏ်ဘော ဘားတန်းထိထွက်လာတာကို သက်ဟိန်းစိုးကပဲ အပိုင်ပိတ်သွင်းပြီး အနိုင်ကန်သွားခဲ့တာပါ။
တစ်ဖက်မှာ ထိုင်းက အုပ်စုပထမ၊ ဗီယက်နမ်က အုပ်စုဒုတိယဖြစ်နေပေမဲ့ သူတို့ကရမှတ်တူ၊ ဂိုးကွာခြားချက်သာ ထိုင်းကနှစ်ဂိုးအသာရလို့ ယတိပြတ်မပြောနိုင်သေးပေမဲ့ အင်ဒိုနီးရှားပရိသတ်တွေကတော့ ဗီယက်နမ်ကို ဆီမီးမှာ အနိုင်ကန်ပြီး ဗိုလ်လုပွဲမှာ ထိုင်းကို ထပ်အနိုင်ကန်ပြီး ရွှေရဖို့မျှော်လင့်နေကြတာပါ။
မနေ့က ပွဲမှာဆို မြန်မာအသင်းဟာ အိမ်ရှင်ကမ္ဘောဒီးယားသာ အင်ဒိုနီးရှားကို နိုင်ခဲ့ရင်အုပ်စုကထွက်ရမှာမို့လို့ ဒိုင်တွေရဲ့ ဖိအားကိုရင်ဆိုင်ခဲ့ရပြီး ဒုတိယပိုင်းမှသာ တည်ငြိမ်တဲ့ကစားပုံနဲ့ ဖိလစ်ပိုင်ကို ရင်ဆိုင်ပြီး အနိုင်ယူနိုင်ခဲ့တာပါ။ တစ်ဖက်က အိမ်ရှင်ကမ္ဘောဒီးယားကလည်း အင်ဒိုနီးရှားကို ၁- ၂ နဲ့ ရှုံးခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဒိုင်ဖိအားကို သိပ်မခံရတော့တာလည်း ပါနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် နိုင်ငံ့ကိုယ်စားပြုကစားသမားတွေ အဆဲအဆိုခံ၊ ဖိအားပေးခံနေရတဲ့ကာလမျိုးမှာ မြန်မာဘောလုံးအသင်းဟာ အကြိုဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီဖြစ်လို့ အကြိုဗိုလ်လုပွဲမှာသာ ထိုင်း/ဗီယက်နမ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် သမိုင်းတစ်လျှောက်မှာ ဖိအားကြားက ဖိုင်နယ်တက်နိုင်ခဲ့တဲ့အသင်းလို့ မှတ်တမ်းဝင်မှာဖြစ်သလို အစိုးရတစ်ရပ်ကို မကျေနပ်တာကြောင့် နိုင်ငံ့ကိုယ်စားပြုကစားသမားတွေကို အမြင်မကြည် ဆဲဆိုနေကြသူတွေလည်း ပေးဆပ်ကြတဲ့ ကစားသမားတွေကို အသိအမှတ်ပြုလာဦးမှာလို့ ယူဆမိပါကြောင်း….။