၁၁. ၅. ၂၀၂၃
Written by Tha Doe
သဘာဝဘေးနှင့်ပတ်သက်၍ ယမန့်နေ့မှစတင်ကာ လိမ္မော်ရောင်အဆင့်သတ်မှတ်ထားသော အားကောင်းသည့်မုန်တိုင်းငယ်အဆင့်မှ ဆိုင်ကလုန်းမုန်တိုင်းမိုခါအဖြစ်သို့ ရောက်ရှိလာ၍ ယနေ့မှစတင်ကာ တစ်နိုင်ငံလုံးနေရာစိပ်စိပ်မိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်တွင် ထုတ်ပြန်သည့်မုန်တိုင်းသတိပေးချက်တွင် ဖော်ပြထားသည်။
ယနေ့မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Strom) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၆၅)မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက် တောင်ဘက် ရေမိုင်(၄၇၅) မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၁၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၆၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
မိုခါ၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုး တန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့်ဟု ဆက်လက်သတ်မှတ်ထားသည်။ ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာစံတော်ချိန်နံနက် ၆ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု(၁၁.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်းခန့် ဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ယနေ့ညပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့လည်းကောင်း၊ မေလ ၁၂ ရက်တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်။ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)”သည် ဧပြီ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu) တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။
မိုခါ၏အရှိန်ကြောင့် ယနေ့ နံနက်မှ မေလ ၁၅ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
သို့ဖြစ်ပါ၍ နောက် ၂၄ နာရီအတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၁ ပေခန့် ရှိနိုင်သည်။ မေလ ၁၂ ရက်မှ ၁၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ မှ မိုင် ၁၀၀ ခန့်အထိ တိုက် ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်မည်ဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၉၀ မှ ၁၀၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၀ ပေမှ ၁၄ ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၇ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“မိုခါ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်း ငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ရန်လည်း အကြံပြုထားသည်။