၁၀. ၅. ၂၀၂၃
Translated by Htwe Ko Tun
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအားဖမ်းဆီးခဲ့ပြီးနောက် တရားရုံးတွင် အဂတိလိုက်စားမှုများဖြင့် ရုံးထုတ်စစ်ဆေးမှုပြုခဲ့ရာ နိုင်ငံအတွင်း နိုင်ငံရေးတင်းမာမှုများဖြစ်ပွား၍ ၎င်းအားထောက်ခံသူများက နိုင်ငံတစ်ဝန်း အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အီမရန်ခန်းအား ရဲတပ်ဖွဲ့က ရုံးတင်စစ်ဆေးရန် အစ္စလမ်မာဘတ်မြို့ အထက်တရားရုံးသို့ မေလ ၉ ရက်က ခေါ်ဆောင်လာကြသည်။ အီမရန်ခန်းသည် ၂၀၂၂ ခုနှစ် ဧပြီလတွင် အယုံအကြည်မရှိအဆို တင်သွင်းကာ မဲအသာဖြင့် ဝန်ကြီးချုပ် ရာထူးမှဖြုတ်ချခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ၎င်းက အဓိကအတိုက်အခံခေါင်းဆောင်အဖြစ် ဆက်လက်၍ တည်ရှိနေဆဲဖြစ်ကာ ပါကစ္စတန်ကို မတည်မငြိမ်ဖြစ်ရသော နောက်ဆုံးထိပ်တိုက်ရင်ဆိုင်မှုကိုပင် ၎င်းက ပြုလုပ်ခဲ့သည်။
ထို့နောက်တွင်မူ အီမရန်ခန်းမှာ ဖမ်းဆီးခြင်းခံရကာ အင်အားကောင်းသော ပါကစ္စတန်စစ်တပ်၏ ပါဝင်စွက်ဖက်မှုကိုပါ တွေ့လာရသည်။ ဘလူးချီစတန် ပြည်နယ်တွင်ဆိုလျှင် ဆန္ဒပြသူများနှင့် ပါကစ္စတန်စစ်တပ်တို့အကြား ကွက်တာမြို့တွင် တိုက်ခိုက်မှုများဖြစ်ခဲ့ရာ အနည်းဆုံးလူတစ်ဦးသေဆုံး၍ ငါးဦးဒဏ်ရာရခဲ့သည်။ ကရာချိ၊ ပက်ရှ်ဝါ၊ ရာဝါပင်ဒီနှင့် လာဟိုမြို့များတွင်လည်း အလားတူ အကြမ်းဖက်ဆန္ဒပြမှုများအတွင်း လူ ၁၅ ဦး ဒဏ်ရာရခဲ့ကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့သည်။
အကြမ်းဖက်ဆန္ဒပြမှုများအတွင်း ပါကစ္စတန်နိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးအာဏာပိုင်အဖွဲ့နှင့် စောင့်ကြည့်အဖွဲ့များမှ တာဝန်ရှိသူများက Twitter အပါအဝင် လူမှုကွန်ရက်များကို ပိတ်ထားခဲ့သည်။ မြို့တော် အစ္စလမ်မာဘတ်နှင့် အခြားမြို့ကြီးများတွင်လည်း အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို ဆိုင်းငံ့ထားခဲ့သည်။ အချို့သောပုဂ္ဂလိကကျောင်းများမှာ မေလ ၁၀ ရက်တွင် အတန်းများကို ပိတ်ထားကြရသည်။
ခန်း၏ ပါတီဖြစ်သော Pakistan Tehreek-e-Insaf ပါတီမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဖာဝတ် ချောင်ဒရီက ခန်းအား အဂတိလိုက်စားမှုစွဲချက်များနှင့် လုပ်ငန်းရှင်တစ်ဦးသို့ အကျိုးအမြတ်ရရှိစေရန် အပေးအယူလဲလှယ်မှုပြုခဲ့ခြင်းတို့ကြောင့်ဟုဆိုကာ ဖမ်းဆီးခဲ့သည်ဟု ဆိုခဲ့သည်။ ၎င်းက စစ်ဖက်ရုံးများနှင့် အများပြည်သူသွားလာသည့်နေရာများကို ခန်း ထောက်ခံသူများက တိုက်ခိုက်ခဲ့ခြင်းအား ရှုတ်ချခဲ့သည်။ ထို့အတူ အသက် ၇၁ နှစ်ရှိ ဝန်ကြီးချုပ်ဟောင်းဖမ်းဆီးခံရမှုကိုလည်း ပြန်ပေးဆွဲမှုတစ်ရပ်အဖြစ် ရှုတ်ချပြောကြားခဲ့သည်။
Ref——-AP