◾️ အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ခေါင်းဆောင်များက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများအား အထူးစိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြား
၁၀. ၅. ၂၀၂၃
Translated by Htwe Ko Tun
မကြာမီက မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအထောက်အပံ့များဖြန့်ဝေပေးနေသော အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)အဖွဲ့ဝင်နိုင်ငံအချို့၏ သံတမန်များပါဝင်သောယာဉ်တန်းကို အကြမ်းဖက်အုပ်စုတစ်ခုက လမ်းတွင် ခြုံခိုပစ်ခတ်မှုအား ရှုတ်ချခဲ့ကြပြီးနောက် မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုများအတွက် အထူးစိုးရိမ်မိကြောင်း အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက မေလ ၁၀ ရက်တွင် ပြောကြားခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသော အာဆီယံထိပ်သီးအစည်းအဝေး၌လည်း မြန်မာနိုင်ငံတွင် တပ်မတော်မှ အာဏာထိန်းသိမ်းခဲ့ပြီးနောက် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို အဓိကထားဆွေးနွေးကြမည်ဖြစ်သည်။ အာဆီယံအနေဖြင့် ထိုကိစ္စနှင့် ပတ်သက်၍ ထိရောက်သောဆောင်ရွက်မှုမရှိဟုဆိုကာ ဝေဖန်မှုများကိုလည်း ကြုံတွေ့နေရသည်။
အာဆီယံအနေဖြင့် တဖြည်းဖြည်းကြီးထွားလာနေသော မြန်မာနိုင်ငံပြဿနာကို သံတမန်နည်းလမ်းများအရဖြေရှင်းရန် ကြိုးစားခဲ့သည်။ သို့သော် ၎င်း၏အားထုတ်ဆောင်ရွက်မှုများက အောင်မြင်မှုမရဘဲ ဖြစ်နေခဲ့ရသည်။ ထိုကြောင့် အာဆီယံခေါင်းဆောင်များက ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွက် အထူးစိုးရိမ်ကြောင်း၊ အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ချက်ချင်းအဆုံးသတ်ကြရန် တိုက်တွန်းပါကြောင်း၊ လုံခြုံရေးအတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန်နှင့် လူသားချင်းစာနာသည့်အထောက်အပံ့များ ဖြန့်ဖြူးရေးနှင့် အမျိုးသားဆွေးနွေးပွဲကျင်းပနိုင်ရေးကိုပါ ဆောင်ရွက်ကြစေလိုကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိတပ်မတော်အစိုးရကမူ နိုင်ငံတကာဝေဖန်ချက်များကိုရှောင်ရှားကာ ယခင်လွှတ်တော်အမတ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံကာ တပ်ကအာဏာထိန်းမှုကို ဆန့်ကျင်တိုက်ခိုက်နေသူများ၊ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများအပါအဝင် ဆန့်ကျင်ဖက်အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုခဲ့သည်။
အကြမ်းဖက်လက်နက်ကိုင်များ၏ အခိုင်အမာစခန်းတစ်ခုကို နစကအစိုးရက ဧပြီလအတွင်းလေယာဉ်ဖြင့် တိုက်ခိုက်ခဲ့၍ လူ ၁၇၀ ခန့်သေဆုံးရမှုအပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုများပြုလုပ်ရာ နစကအစိုးရ၏ အထီးကျန်မှုအခြေအနေကို ပိုမိုဆိုးဝါးစေခဲ့သည်ဟုဆိုကြသည်။
သို့သော် မကြာမီက မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအထောက်အပံ့များဖြန့်ဝေပေးနေသော အာဆီယံနိုင်ငံ အချို့၏ သံတမန်များပါဝင်သောယာဉ်တန်းကို အကြမ်းဖက်အုပ်စုတစ်ခုက လမ်းတွင် ခြုံခိုပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းက အာဆီယံအပေါ် များစွာ ဖိအားသက်ရောက်မှုဖြစ်စေခဲ့သည်။
ထိုပစ်ခတ်မှုက မေလ ၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ချိတ်ဆက်ကာ လူသားချင်းစာနာမှုအကူအညီပေးရန် တပ်မတော်၏ လုံခြုံရေးယာဥ်တန်းဖြင့် ဆီဆိုင်မြို့သို့ ဦးတည်ထွက်ခွာလာသော အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနှင့် စင်ကာပူသံရုံးမှ သံတမန်များပါဝင်သောယာဥ်တန်းသည် ဆီဆိုင်မြို့အနီးတွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ထိုဖြစ်ရပ်အပေါ် SAC က အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုဟု ထုတ်ပြန်ခဲ့သလို အင်ဒိုနီးရှားသမ္မတနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ရှုတ်ချမှုထွက်ပေါ်ချိန်မှသာ မသိကျိုးကျွံပြုနေသော NUG က ထိုပစ်ခတ်မှုကို စုံစမ်းစစ်ဆေးမည်ဟု ထုတ်ပြန်ခဲ့ရသည်။ အကြမ်းဖက်သူများ၏ ထိုပစ်ခတ်တိုက်ခိုက်မှုသည် အာဆီယံသံတမန်များအဖို့ မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင်စွဲထားသူများ၏ မဲမဲမြင်ရာတိုက်ခိုက်မှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်းလည်းဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်းခေါင်းဆောင်များက “ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုကို ကျွန်တော်တို့အနေနဲ့ ပြင်းထန်စွာရှုတ်ချတယ်။ ကျူးလွန်သူတွေဟာ ဒီကိစ္စအတွက်တာဝန်ယူကြရမယ်” ဟု ပြောခဲ့ကြသည်။
မေလ ၁၀ ရက်တွင် အာဆီယံထိပ်သီးအစည်းအဝေး၌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက မိန့်ခွန်းပြောကြားရာ၌ ဆယ်နိုင်ငံပါဝင်သော အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများညီညွတ်မှုရှိမှ ကမ္ဘာတွင် ဖြစ်ပွားနေသောစိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်နိုင်မည်ဟု အခိုင်အမာယုံကြည်ကြောင်းပြောခဲ့သည်။ ညီညွတ်မှုရှိမှသာ အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီးက ငြိမ်းချမ်းရေးနှင့်တိုးတက်မှုကို ဆောင်ကြဉ်းရာတွင် အဓိက ကဏ္ဍမှပါဝင်နိုင်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဖလိုးစ်ကျွန်း(Flores Island) တွင်ပြုလုပ်နေသော အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများ၌ လွန်ခဲ့သောနှစ်နှစ်က သဘောတူခဲ့ကြသော မြန်မာနိုင်ငံအခြေအနေအပေါ် အများသဘောတူဆန္ဒငါးချက်ကိုဆောင်ရွက်နိုင်ရန်ကြိုးစားနေကြသည်ဟုလည်းဆိုသည်။
မြန်မာနိုင်ငံက အာဆီယံ၏အဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေဆဲဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအစိုးရက ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်မဖော်၍ဟုဆိုကာ မြန်မာအစိုးရခေါင်းဆောင်များကို အာဆီယံ၏အဆင့်မြင့်ဆွေးနွေးပွဲများသို့ မဖိတ်ကြားဘဲ ပိတ်ပင်ထားသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက မြန်မာ့ပဋိပက္ခတွင်ပါဝင်သူများအားလုံး ပါဝင်ဆွေးနွေးနိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရက တိတ်တဆိတ်ဆက်သွယ်စေ့စပ်နေကြောင်း မေလ ၅ ရက်က ပြောခဲ့သည်။ သို့သော် အင်ဒိုနီးရှားအစိုးရ၏ အဆင့်မြင့်ဝန်ကြီးတစ်ဦးကမူ အာဆီယံက လမ်းဆုံလမ်းခွတွင် ရောက်နေကြောင်း၊ မြန်မာနိုင်ငံနှင့် သဘောတူအပေးအယူဆောင်ရွက်မှုများ၊ အခြားဒေသဆိုင်ရာအရေးပေါ်အခြေအနေများကို မဖြေရှင်းနိုင်လျှင် အသင်းအတွက်အန္တရာယ်ရှိကြောင်း မေလ ၉ ရက်က ပြောခဲ့သည်။
Ref—AFP