၁၀. ၅. ၂၀၂၃
Written By Thandar
ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးမယ့် “တဦးတနှောင်း” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို မေလ ၁၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မဟာဝိဇိယစေတီတော်မြတ်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်ဘဝရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ အသက် ၄၂ နှစ်အတွင်း ကြုံတွေ့ခဲ့ရတာကို ထည့်ထားတယ်။ကျွန်တော်က ဗေဒင်ဟောတာဖြစ်တယ်။ ကျွန်တော့်ရဲ့ အမှားအယွင်းတွေမှာ အဘတွေက ဒဏ်ခတ်လိုက်လို့ ဘဝပျက်သွားပုံတွေကို နောင်လာနောင်သားတွေကို သင်ခန်းစာယူစေချင်တာပါ။ ဘာသာတရားမရှိသူ ပုဂ္ဂိုလ်တွေနီးစပ်မှု မရှိသူတွေက ဘယ်လိုဒုက္ခရောက်တတ်တယ်။ ဘာသာတရားလုပ်သူတွေက ဘယ်လောက်အထိ ကောင်းကျိုးဖြစ်ပြီး နေရာတစ်ခုပြန်ရတယ်ဆိုတာကို နည်းလမ်းတွေရစေချင်တာပါ”လို့ ဇာတ်လမ်း ၊ ဇာတ်ညွှန်း နဲ့ မင်းသားအဖြစ်ပါဝင်မယ့် ခွန်သာချိုကပြောပါတယ်။
ဒီဇာတ်ကားမှာ သူ့ဘဝတစ်လျှောက်ရဲ့ လောကဓံရိုက်ခတ်မှုဖြစ်ရပ်မှန် အဖုံဖုံနဲ့ သာသနာပြု ဂမ္ဘီရခရီးစဉ်နဲ့အတူ အစွမ်းထက်ဂါထာတော်တွေ၊ အဘတွေနဲ့လည်း ဆုံတွေ့ခဲ့ပုံကို ပုံဖော်ရိုက်ကူးမယ့် ရုပ်သံ ဇာတ်လမ်းတွဲကို အပိုင်း ၁၂ ပိုင်းအထိ ဇာတ်လမ်း ၊ ဇာတ်ညွှန်းပိုင်းနဲ့ မင်းသားအဖြစ်နဲ့ ခွန်သာချို က ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ ကျော်ဇက သရုပ်ဆောင်တွေဖြစ်တဲ့ ခွန်သာချို၊ ဒေါင်းဝေ၊ ခိုင်နိုး၊ ကျော်သူရလွင်၊ အောင်ဇော်ဝင်း၊ ဦးပေါ်လေး ၊ ဟန်လေး၊ သန်းသန်းစိုး၊ မာယုသာ၊ ဇင်မိုးပြည့်၊ သံစဉ်မောင်၊ လာဒင့်ထားရီ၊ အေးသဇင်မောင်၊ သူဇာပွင့် စတဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။
“တဦးတနှောင်းဆိုတဲ့အတိုင်း မြန်မာလူမျိုးတွေက စကားပုံတွေကို စကားပုံလို့ပဲ ထားခဲ့တယ် လက်မခံကြဘူး။ လက်မခံလို့ဘာဖြစ်လာလဲဆိုတော့ ရှေးထုံးလည်း မပယ်နဲ့၊ စျေးသုံးလည်းမကြွယ်နဲ့ဆိုသလို ဒုက္ခတွေ ရောက်ကျတာပေါ့။ ဒီစကားပုံတွေကို အလေးထားသင့်တယ်။ လိုက်နာသင့်တယ်။ ဒီစကားပုံနဲ့အညီ ဘဝကို ဖြတ်သန်းရင် ကောင်းတယ်ဆိုတာကို ပြောချင်တာပါ။ အဲဒီလိုပြောလို့ စကားပုံအတိုင်း မလုပ်လည်း ကောင်းနေတဲ့ သူတွေရှိပါတယ်။ တကယ်လို့ စကားပုံအတိုင်း မလိုက်နာရင် သောကကြုံတွေ့သူတွေကို ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့နည်းလမ်းတွေ ဒီဇာတ်လမ်းမှာထည့်ပေးထားပါတယ်”လို့ သူက ဆက်ပြောပါတယ်။