၁၀. ၅. ၂၀၂၃
Written by Peya / Photo by Nyein Kyaw
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက အပူရှိန် မြင့်တက်ခဲ့သည့်အတွက် အပူဒဏ်ကို ပြင်းထန်စွာ ခံစားနေရသော ရန်ကုန်မြို့က နေရာအချို့တွင် ယနေ့ မေလ ၁၀ ရက် မွန်းလွဲပိုင်းက စတင်ကာ မိုးအနည်းငယ် ရွာသွန်းခဲ့ကြောင်း သိရသည်။
အားကောင်းသောမုန်တိုင်းငယ်(Deep Depression) ၏ အရှိန်ကြောင့် မေလ ၁၁ ရက်မှ မေလ ၁၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
“မနက် ၆ နာရီလောက်တည်းက ရန်ကုန်မှာ မိုးအုံ့နေတာ။ ဒီနေ့တော့ မိုးရွာတာပေါ့နော်။ ဒါပေမယ့် ခဏပဲ ရွာခဲ့တာပါ။ အခုလည်း မိုးတွေ ခြိမ်းနေတယ်။ ထပ်ရွာဦးမယ့် သဘောပါတယ်။ လူတွေက ပူနေတော့ မိုးကို မျှော်နေကြတာ။ အခု မိုးအုံ့နေတော့ အပူဒဏ်သက်သာတာပေါ့” ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့၏ နေရာအချို့တွင် မိုးအနည်းငယ်မျှ ရွာခြင်းမျိုး ရှိခဲ့သော်လည်း မိုးဖွဲ့ကျခြင်းသာ ဖြစ်ခဲ့သည့်အတွက် အပူဒဏ် သက်သာလျော့ပခြင်းမျိုး မရှိခဲ့ဘဲ ယခုတစ်ကြိမ် မိုးရွာသွန်းမှုတွင်မူ အပူဒဏ်ကို သက်သာသည်အထိ ရွာသွန်းလိမ့်မည်ဟု မျှော်မှန်းနေကြခြင်း ဖြစ်သည်။