၁၀. ၅. ၂၀၂၃
Written by Tha Doe
အင်ဒိုနီးရှားကို ငါးဂိုးပြတ်ရှုံးခဲ့ပြီး အနိုင်ရဖို့ ထပ်မံလိုအပ်နေတဲ့ မြန်မာအသင်းဟာ ၂၀၂၃ ဆီးဂိမ်းစ် အမျိုးသားဘောလုံး အုပ်စု(က)ပွဲစဉ်အဖြစ် အိမ်ရှင်ကမ္ဘောဒီးယားနဲ့ ဖနွမ်းပင်မြို့ အိုလံပစ် အမျိုးသား အားကစားကွင်းမှာ ကစားချိန်မှာ ထင်မှတ်မထားလောက်အောင် ခြေစွမ်းပြခဲ့သလို အိမ်ရှင် ကမ္ဘောဒီးယားကို ပထမပိုင်း သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာ အကြိုဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက်ရှိလာတာကြောင့် ဒီညနေ ဖိလစ်ပိုင်နဲ့ ကန်ရမဲ့ပွဲဟာ ဗိုလ်လုပွဲလို အရေးကြီးတဲ့ပွဲ ဖြစ်လာမှာပါ။
တီမောကို ၁ ဂိုးသွင်းပြီးနိုင်ခဲ့ပေမဲ့ အင်ဒိုနီးရှားကို ငါးဂိုးပြတ်ရှုံးတဲ့ မြန်မာအသင်းဟာ အုပ်စုအဆင့်က တာ့တာပြရမယ်လို့ ထင်ခဲ့ကြပေမဲ့ အိမ်ရှင်ကမ္ဘောဒီးယားကို ကစားပုံအသာ ဟိန်းထက်အောင်နဲ့ သက်ဟိန်းစိုးတို့ရဲ့ လှပတဲ့သွင်းဂိုးနှစ်ဂိုးနဲ့ ပြန်အနိုင်ရတာကြောင့် ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ပြန်ရှိလာတဲ့ အရေးကြီး ပွဲစဉ်အဖြစ် ဖိလစ်ပိုင်နဲ့ ပွဲစဉ်ကို ဒီနေ့ မေလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် Smart RSN Stadium ကွင်းမှာ ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး အိမ်ရှင် ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား ပွဲစဉ်နဲ့အပြိုင် တစ်ချိန်တည်း ကန်ရမှာပါ။
လက်ရှိ SEA Games မှာ မြန်မာအသင်းဟာ အိမ်ရှင်ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောတို့နဲ့ ကျရောက်နေပြီး အိမ်ရှင်အသင်းက ရမှတ် ၄ မှတ်၊ အင်ဒိုနီးရှားက ရမှတ် ၉ မှတ်၊ မြန်မာအသင်းက ရမှတ် ၆ မှတ်ပါ။ အိမ်ရှင်ကမ္ဘောဒီးယားဟာ အင်ဒိုနီးရှားကို အနိုင်ကန်နိုင်ပြီး မြန်မာက ဖိလစ်ပိုင်ကိုရှုံးရင် ကမ္ဘောဒီးယားက နောက်တစ်ဆင့်တက်သွားမှာဖြစ်လို့ မြန်မာအသင်းအနေနဲ့ ဖိလစ်ပိုင်ကို မဖြစ်မနေအနိုင်ရအောင်ကန်ဖို့ လိုအပ်နေတာပါ။ ဖိလစ်ပိုင်ကို အနိုင်မကန်နိုင်ခဲ့ဘဲ ရှုံးရင်၊ သရေကျရင်တော့ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားရလဒ်ကို ထိုင်ကြည့်ရတော့မှာပါ။ လက်ရှိ ဂိုးကွာခြားချက်မှာ မြန်မာက -2 ဖြစ်နေပြီး ကမ္ဘောဒီးယားက +2 ပါ။
အုပ်စု (ခ) မှာတော့ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့ရှိနေပြီး ထိုင်းနဲ့ ဗီယက်နမ်က ကိုးမှတ်စီတူနေပေမဲ့ ထိုင်းက ဂိုးကွာခြားချက်အသာနဲ့ ပထမနေရာရယူထားပြီး ကျန်သုံးသင်းကတော့ အုပ်စုတက်ဖို့ မျှော်လင့်ချက်ကို လက်ပြနှုတ်ဆက်ထားရပါပြီ။ အင်ဒိုနီးရှားကလည်း အုပ်စုဗိုလ်နေရာကို ရမှတ် ၉ မှတ် ဂိုးကွာခြားချက် +11 ဖြစ်နေလို့ မြန်မာနဲ့ ကမ္ဘောဒီးယား ဘယ်အသင်းကပဲ နိုင်နိုင် သူကစင်ပေါ်မှာမို့လို့ အုပ်စုတက်ရေး သေရေးရှင် ရေးဆုံးဖြတ်ချက်ဟာ မြန်မာနဲ့ကမ္ဘောဒီးယားအတွက်ပဲ အကျပ်အတည်းတွေ့နေတာပါ။
မြန်မာနိုင်ငံအသင်းဟာ SEA Games မှာဆိုရင် မြန်မာအသင်းအုပ်စုပြုတ်ဖို့ တမင်အလျှော့ပေးကန်တာ၊ ညစ်ကန်တာ၊ အညစ်ခံရတာကြုံတတ်တာမို့လို့ အမှတ်မလိုဘဲ ရှုံးရှုံးနိုင်နိုင် အုပ်စုဗိုလ်ဖြစ်နေတဲ့ အင်ဒိုနီးရှားက ကမ္ဘောဒီးယားကို တမင်အလျှော့ပေးကန်သွားရင် မြန်မာက ဖိလစ်ပိုင်ကို မနိုင်ခဲ့ရင် ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။
” ဆီမီးဖိုင်နယ်တက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ကျွန်တော်တို့ ကစားသွားမှာပါ။ ဖိလစ်ပိုင်အသင်းကလည်း အမှတ် အလကားပေးမှာ မဟုတ်ဘူး။ သူတို့ ဖိအားမရှိဘဲ ကျွန်တော်တို့ကို ကစားမှာပါ။ ကျွန်တော်တို့မှာတော့ နိုင်မှဖြစ်မယ်ဆိုတဲ့ ဖိအား ရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ တစ်ပွဲခြင်း သေချာစွာနဲ့ ချဉ်းကပ်ပြင်ဆင်ဖို့က အရေးကြီးပါတယ်။ ဖိလစ်ပိုင်ကို အနိုင်ရရှိမှသာ အိမ်ရှင်နဲ့ အင်ဒိုနီးရှားတို့ ပွဲကို စိတ်ချလက်ချ ထိုင်ကြည့်နေလိုရပြီ။ အနိုင်မရခဲ့ရင်တော့ အိမ်ရှင်အသင်းရဲ့ ပွဲစဉ်ကို စောင့်ကြည့်နေရပါဦးမယ်”လို့ မြန်မာ ယူ၂၂ အသင်းနည်းပြချုပ် မိုက်ကယ်က ပြောထားပါတယ်။
လက်ရှိအခြေအနေမှာ အိမ်ရှင် ကမ္ဘောဒီးယားက အင်ဒိုနီးရှားကို အနိုင်ကန်ပြီး မြန်မာအသင်းအနိုင်မရအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းခွင့်ရှိနေပါသေးတယ်။ ဒါကြောင့်မို့လို့လည်း မြန်မာအသင်းဟာ အိမ်ရှင်ကမ္ဘောဒီးယားရဲ့ဖိအားကြောင့် နည်းမျိုးစုံညစ်ခံရ၊ ဘက်လိုက်ခံရတာမျိုးတွေ ကြုံလာနိုင်တာကြောင့်မို့လို့ ဘုရင်နောင် ဖောင်ဖျက်ကစားရမဲ့ ဒီပွဲမှာ ဖိလစ်ပိုင်ကို အနိုင်ကန်နိုင်ပါစေလို့သာ…
Ref; MFF