MT News
ပရဟိတမင်းသမီးဖြစ်တဲ့ ခိုင်နှင်းဝေက ဖြစ်လာနိုင်မဲ့ မိုခါ မုန်တိုင်းဘေး အသက်အန္တရာယ် ကာကွယ်နိုင်ဖို့အတွက် သိန်း ၁၈၀ ဝန်းကျင်ရှိ အသက်ကယ်အင်္ကျီနဲ့ဘောကွင်းတွေ ကယ်ဆယ်ရေးပစ္စည်းတွေကို ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ထွေအုပ်ရုံးမှာ မေလ ၉ ရက် ညနေပိုင်းမှာ လှူဒါန်းခဲ့တယ်လို့ MT News က သိရပါတယ်။
“ကျွန်မတို့ကတော့ မုန်တိုင်းသတင်းလေးကြားမိတော့ အသက်ကယ်အင်္ကျီနဲ့ ရေဘောကွင်းတွေကို တောင်ဒဂုံမြို့နယ် ထွေအုပ်ရုံးမှာလှူဒါန်းဖို့ စီစဥ်လိုက်တာပါ။ ကြက်ခြေနီတို့ ဌာနဆိုင်ရာတွေကို အပြင်က တကယ်လုပ်ဆောင်နေတဲ့ ပရဟိတအသင်းတွေကို လှူဒါန်းမှူတွေလုပ်သွားမှာပါ။ မုန်တိုင်း သတင်းကြားမိလို့ ခုလိုလေး အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းတွေကို လှူဖြစ်တာပါ။ မကြာခင်လည်း မိုးတွင်းလည်း ရောက်တော့မှာ ဆိုတော့လေ။ ဖြစ်တဲ့အချိန်မှာ လှူဒါန်းတာထက်မဖြစ်ခင် လှူဒါန်းရတာပိုကောင်းမယ်ထင်လို့ပါ။ ခုနှစ်ရက်သားသမီးတွေနဲ့ စုပေါင်းလှူဒါန်းမယ့် အလှူလေးပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက MT News ကို ပြောပါတယ်။
သူမဟာ တန်ဖိုးအားဖြင့် ကျပ် သိန်း ၁၈၀ ဝန်းကျင်ရှိတဲ့ အသက်ကယ်အင်္ကျီ အထည် ၁၀၀၀ ၊ အသက်ကယ် ဘောကွင်း ၅၀ နီးပါးကို တောင်ဒဂုံထွေအုပ်ရုံးမှာ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ထို့မှတစ်ဆင့် အမှန်တကယ်လိုအပ်တဲ့ မြို့နယ်အသီးသီးက ကယ်ဆယ်ရေး အဖွဲ့တွေကို ခွဲဝေပေးသွားမယ်လို့ သိရပါတယ်။
မကြာခင် လပိုင်းကလည်း တန်ဖိုးငွေကျပ် သိန်း ၅၀ ခန့်ရှိ ဂါလံ ၅၀ ဆံ့ ရေပုံးတွေ ပုံး ၁၀၀ ကိုလည်း လိုအပ်နေတဲ့ ရန်ကုန်မြို့တွင်းရှိ အိမ်ခြေတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ကလည်း မြဝတီ ၊ ကျိုက်မရောတို့ဘက်မှာ အသက်ကယ်လှေတစ်စီး ကျပ်သိန်း ၅၀ တန်ဖိုးရှိ လှေတွေကိုလည်း လှူဒါန်းပေးခဲ့ပြီးဖြစ်ပါတယ်။