MT News
Written by Peya
ကမ္ဘောဒီယားဆီးဂိမ်းစ်တွင် မြန်မာ့အမျိုးသမီး လက်ရွေးစင်အမျိုးသမီးအသင်းက မလေးရှားအမျိုးသမီးလက်ရွေးစင်အသင်းကို အနိုင်ယူပြီးနောက် အကြိုဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မလေးရှားလက်ရွေးစင် အမျိုးသမီးအသင်းတို့ မေလ ၉ ရက်တွင် ယှဥ်ပြိုင်ရာ မြန်မာအသင်းက ၅-၁ ဂိုးဖြင့်အနိုင်ရကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ခြင်းဖြစ်သည်။
အုပ်စု(က)တွင် ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲစဉ်များအားလုံးယှဉ်ပြိုင်ပြီးချိန်တွင် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတို့ ရမှတ် (၆)မှတ်စီ တူညီခဲ့ကြသည်။ သို့သော် ဂိုးကွာခြားချက်အရ ဗီယက်နမ်အသင်းက ဂိုးကွာခြားချက် +၄ ဖြင့် အုပ်စု ပထမ၊ မြန်မာအသင်းက ဂိုးကွာခြားချက် +၃ ဖြင့် အုပ်စု ဒုတိယ နေရာမှ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်အသင်းကမူ ဂိုးကွာခြားချက် +၁ ဖြင့် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရကြောင်း သိရသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အုပ်စု (က) ပထမရရှိသည့် ဗီယက်နမ်အသင်းနှင့် အုပ်စု(ခ) ဒုတိယရရှိသည့်အသင်း၊ အုပ်စု (ခ) ပထမရရှိသည့် အသင်းနှင့် အုပ်စု (က) ဒုတိယရရှိသည့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။