MT News
Written by Hey Mar
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာအုပ်စု၊ လမြန်ကျေးရွာတွင် မိမိနေအိမ်မှရေတွင်းကို ပြန်လည်ဆယ်ရင်း သားအဖနှစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးမှု မေလ ၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့)မှ သိရသည်။
ဖြစ်စဥ်မှာ အဆိုပါကျေးရွာနေအိမ်ရှိ ရေတွင်းဟောင်းကို ထပ်မံ၍ ပေ ပိုနက်အောင် တူးရာမှ၊ သားဖြစ်သူမှာ ရေတွင်း နှုတ်ခမ်းမှ တူးစက်နှင့်အတူ ပြုတ်ကျသွားသဖြင့် အဖေဖြစ်သူမှ လိုက်လံဆင်း၍ ကယ်ဆယ်ရာမှ သားအဖ နှစ်ဦးစလုံး အောက်စီဂျင်ပြတ်ကာ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
“မိသားစုဝင်တွေက အသင်းရုံးကို အကူအညီတောင်းခံလာလို့ အသင်းရုံးက လူနာတင်ယာဉ် အမှတ်(၂) နဲ့ ကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေနဲ့ ချက်ချင်းထွက်ခွာပေးခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေ ရောက်ချိန် ပြုတ်ကျသူနှစ်ဦးက အနက်ရောင်ပြောင်း(သေဆုံး)ပြီးသား ဖြစ်နေပြီ။ ရုပ်အလောင်းကို အရပ်သားပြည်သူတွေနဲ့အတူ ကူညီထုတ်ဖော်ပေးခဲ့ရတာပါ”ဟု မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့)မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ရုပ်အလောင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တာဝန်ပေး ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့)မှ ကောင်းမွန်စွာ သင်္ဂြိုလ်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။