MT News
Written by Min Mahar
ကန့်ဘလူမြို့နယ်၊ ဆားကုန်းကျေးရွာပြည်သူ့စစ်စခန်းအား PDF အဖွဲ့များမှ Drop Bomb ၆ လုံးဖြင့် ပစ်ချတိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးသေကာ ၅ ဦးဒဏ်ရာရရှိမှု မေလ ၈ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဘုတ္တောကျေးရွာအုပ်စု၊ ဆားကုန်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဦးစီး၍ ပြည်သူ့စစ်အင်အား ၅၀ ခန့်သည် ကျေးရွာအရှေ့မြောက်ဘက်၊ ဘုန်းကြီးကျောင်းအနီး၌ လုံခြုံရေးဆောင်ရွက်နေစဉ်အတွင်း တန့်ဆည်မြို့နယ်၊ မူးမြစ်တစ်ဖက်ကမ်း သာဂေါင်ကြီးကျေးရွာဘက် အမြင့်ပေ ၁၀၀၀ ခန့်မှပျံသန်းလာသော Drone ၁ စီးဖြင့် Drop Bomb ၂ လုံးပစ်ချတိုက်ခိုက်ပြီးနောက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင်ထပ်မံ၍ Drop Bomb ၄ လုံး ပစ်ချတိုက်ခိုက်ခံရသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ဗုံးစများထိမှန်၍ ဒဏ်ရာများရရှိခဲ့သဖြင့် ကန့်ဘလူမြို့ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုများခံယူနေစဉ် ညနေ ၄ နာရီထိုးတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသွားသူများအား ဆွေမျိုးများသဘောဆန္ဒအရ ဆားကုန်းကျေးရွာသို့ ပြန်လည်သယ်ယူ၍ သင်္ဂြိုလ်ခဲ့ကြပြီး ကျန်ဒဏ်ရာရှိသူ ၅ ဦးမှာမူ ဆေးဝါးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။