MT News
၁၀. ၅. ၂၀၂၃
KNU ၏ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်မည်ဆိုသည့်အချက်များအပေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။
ထုတ်ပြန်စာအရ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် (၁၇) ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးကွန်ဂရက်မှ ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ အပိုဒ် (၂) ပါဖော်ပြချက်တွင် “ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ စစ်တပ်အာဏာသိမ်းယူမှုနှင့် နောက်ဆက်တွဲစိန်ခေါ်မှုများ”ဟု လည်းကောင်း၊ အပိုဒ်(၅)ပါ ဖော်ပြချက်တွင် “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး၊ ကရင်အမျိုးသားတို့၏ ရသင့်ရထိုက်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးများရရှိရေး”ဟုလည်းကောင်း၊ အပိုဒ်(၆)ပါ ဖော်ပြချက်တွင် “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်” ဟုလည်းကောင်း ဖော်ပြထားကြောင်းတွေ့ရှိခဲ့ရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့အား သက်သေထား၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ရာ KNU မှလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများအား ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာအား အဓမ္မရယူရန်ကြိုးစားခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်ကိုမလွှဲမရှောင်သာဘဲ ယာယီထိန်းသိမ်းခဲ့ခြင်းသာဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်”ဟုလည်းကောင်း၊ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်”ဟုလည်းကောင်း အတိအလင်းဖော်ပြထားသည့်အပြင် နိုင်ငံတည်ငြိမ်လာပါက ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး အနိုင်ရရှိသည့်အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်သည်။
KNU အနေဖြင့် စစ်တပ်အာဏာသိမ်းယူမှု၊ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားပြီး တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစားအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်ထားခြင်းသည် အပြုသဘောမဆောင်ဘဲ NCA ပါ ပြဋ္ဌာန်းချက်များအားဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းသို့ ဦးတည်နေကြောင်းတွေ့ရှိရသည်။
လက်ရှိဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့အရ လှုံ့ဆော်မှုများနှင့် ပြည်ပ ပယောဂများကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများသာဖြစ်သည်။ NCA အခြေခံမူ အပိုဒ် ၁ (က) တွင် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်သဘောတူခဲ့ပြီးဖြစ်သဖြင့် ထိပ်တိုက်ရင်ဆိုင်သော လက်နက်ကိုင်တိုက်ပွဲဝင်မည့်လမ်းကြောင်းသည် ဒီမိုကရေစီစနစ်နှင့်ဆန့်ကျင်ပြီး အကြမ်းဖက်လုပ်ရပ်သို့ ဦးတည်နေသောကြောင့် တိုင်းရင်းသားလုပ်သား ပြည်သူလူထုတစ်ရပ်လုံးကလိုလားနေသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ခြင်းကို အဟန့်အတားဖြစ်စေသည့်အပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ခံစားလိုသည့် တိုင်းရင်းသားများနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် ကြီးမားသောအခက်အခဲများ ဖြစ်ပေါ်စေနိုင်သည်။
လက်ရှိကာလတွင် နိုင်ငံတော်အစိုးရသည် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုဖိတ်ခေါ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး ကောင်းမွန်သောရလဒ်များနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဘုံသဘောတူညီချက်များရရှိခဲ့သည့်အပြင် ယခုအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားဆဲ ဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း တွေ့ဆုံ ဆွေးနွေးခြင်းနည်းလမ်းသည်သာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိနိုင်ပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတို့အတွက် လမ်းကြောင်းမှန်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ထားသည်။