MT News
Written by Phyo Wei
စစ်တွေဆိပ်ကမ်းကို အိန္ဒိယအစိုးရဖွင့်မဲ့အချိန်မှ ဒေါ်လာ ၁၂၇ သန်းမြှုပ်နှံထားတဲ့ မြန်မာ့ဆိပ်ကမ်းစီးပွားရေးဇုံစီမံကိန်းကို ဖိအားကြောင့် ဒေါ်လာ သန်း ၃၀ နဲ့ အိန္ဒိယကုမ္ပဏီ Adani က ရောင်းချခဲ့ရတာဟာ Adani အတွက် နစ်နာပေမဲ့ဝယ်ယူသူအတွက် အမြတ်ထွက်တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။ ဒါ့အပြင်၂၀၂၃ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုဟာ အရင်လတွေထက် ထပ်မံတိုးတက်ခဲ့လို့ သုံးနှစ်အတွင်း ပထမဆုံးသုံးလဆက်တိုက် ထုတ်လုပ်မှုတိုးတက်ခြင်း မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ မေ ၂ ရက်မှာ ထုတ်ပြန်တဲ့ S&P Global မြန်မာထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းမှာ ဖော်ပြခဲ့တဲ့ ဒီရက်သတ္တပတ်မှာ KNU ပိုင် စီးပွားရေးကုမ္ပဏီလို့ ကရင်ပြည်သူအများသိရှိတဲ့ မောလောအိအလင်းကုမ္ပဏီဟာ KK Park လို့ လူသိများပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေတဲ့ လောင်းကစားရုံတည်ရှိရာ တရုတ် Hyunya မြိုသစ်စီမံကိန်းမှာ ပါဝင်ပတ်သက်အပြီး ၂၀၂၂ ဒီဇင်ဘာမှာ နုတ်ထွက်လိုက်ပြီလို့ KNU/KNLA က အတည်ပြုကြေညာမှုရှိခဲ့တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့
တရုတ်-မြန်မာစီးပွားရေးစင်္ကြံနဲ့ ချိတ်ဆက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်က ပိုမိုလုပ်ဆောင်ပေးမယ့်အခြေအနေတွေအကြောင်း၊ မြန်မာနိုင်ငံကို ဖယ်ချန်မထားပါဘူးဆိုတဲ့ အာဆီယံအကြောင်းနဲ့ စားနပ်ရိက္ခာမလုံလောက်မှုအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်တဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
“တရုတ်-မြန်မာစီးပွားရေးစင်္ကြံနဲ့ ချိတ်ဆက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်ပေးမယ့် တရုတ်”
မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်လမ်းကြောင်းကိုရှာဖွေရာမှာ ကူညီထောက်ပံ့ပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး ထုတ်ဖော်ပြောဆိုလိုက်တဲ့အပြင် နိုင်ငံတကာအဖွဲစည်းတွေကလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိစေဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ကူညီပေးသင့်တယ်လို့ ကမ္ဘာကို ပြောသွားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအကျိုးစီးပွားအတွက် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ စီမံကိန်းတွေအကောင်ထည်ဖော်ဖို့နဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံနဲ့ ချိတ်ဆက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်ပေးသွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါသေးတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက”တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ သင့်တော်ကိုက်ညီမှုရှိမယ့်ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရရှိစေဖို ကူညီထောက်ပံ့ပေးသွားမှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေ ပိုမိုကောင်းမွန်စေဖို ကူညီထောက်ပံ့ပေးမှာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်များအတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိစေဖို ကြိုးပမ်းသွားမှာဖြစ်သလိုအဖွဲ့အစည်းများကြား မတူကွဲပြားမှုတွေကို ဖြေရှင်းနိုင်ဖို့ထောက်ခံပေးသွားမှာဖြစ်ပါတယ်”လို့လည်း ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့အတွက် ကူညီထောက်ပံ့ပေးမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ အရင် NLD အစိုးရဟောင်းလက်ထက်မှာ သဘောတူခဲ့တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၊ BRI စတဲ့ စီမံကိန်းတွေသာ တကယ်အကောင်အထည်ပေါ်ရင် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အတိုးတက်ဆုံးနိုင်ငံဖြစ်ဖို့ လမ်းစပေါ်လာနိုင်ပေမဲ့ ပြဿနာတစ်ခုကတော့ မြန်မာပြည်သူတွေရဲ့ တရုတ်စီမံကိန်းဆို မယုံကြည်မှုပါ။ ဒီမယုံကြည်မှုတွေကို ချေဖျက်ဖို့အတွက်တော့ တရုတ်ကလုပ်မဲ့စီမံကိန်းတွေမှာ မြန်မာ့အကျိုးစီးပွားဦးတည်ဖို့နဲ့ ငွေစိုက်ထုတ်ရတယ်ဆိုပြီး အကျိုးခံစားခွင့်လျှော့မပေးဖို့ဆိုတာမျိုးနဲ့ ပွင့်လင်းမြင်သာမှုရှိမှုကပဲ ကျော်လွှားနိုင်မှာပါ။
“မြန်မာနိုင်ငံကို ဖယ်ချန်မထားပါဘူးဆိုတဲ့ အာဆီယံ”
မြန်မာနိုင်ငံကို တရုတ်၊ ရုရှား၊ အိန္ဒိယတို့ ပါဝင်ဦးဆောင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ရဲ့ ဆွေးနွေးဖက်နိုင်ငံအဖြစ် စတင်ခွင့်ပြုလိုက်ချိန်မှာ မြန်မာနိုင်ငံကို ဖိအားပေးနေတဲ့ အာဆီယံဟာလည်း မြန်မာနိုင်ငံကို ဖယ်မထားပါဘူးဆိုပြီး ပြေးလာရတဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ SCO မှာ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘတ်ကစ္စတန် နိုင်ငံတို့ပါဝင်ပြီး SCO ဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား နိုင်ငံရေး၊ ဆက်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးစတဲ့ နယ်ပယ်တွေမှာ အဓိက ပူးပေါင်း ဆောင်ရွက်ကြပါတယ်။
မြန်မာနိုင်ငံကို SCO မှာ ထည့်သွင်းနိုင်တဲ့အခြေအနေကြောင့် ASEAN Business Advisor Council (ASEAN-BAC) ဟာ SCO မစတင်မီ မေ ၁ ရက်မှာ လာရောက်ပြီး မြန်မာနိုင်ငံကို အာဆီယံက ချန်ထားမှာမဟုတ်ကြောင်းနဲ့ လျှပ်စစ်ကားဘတ္ထရီအတွက် အဓိကကုန်ကြမ်း လီသီယမ်ထွက်ရှိတဲ့ မြန်မာနိုင်ငံမှာ တန်ဖိုးမြှင့် လျှပ်စစ်ကားဘတ္ထရီတွေထုတ်လုပ်ဖို့ အာဆီယံနိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့အကြောင်းတွေကို ပြောခဲ့ပါတယ်။
ASEAN-BAC ဥက္ကဋ္ဌ Mr. Arsjad Rasjid ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကို မေ ၁ ရက်ကနေ မေ ၂ ရက်အတွင်း ASEAN-BAC Roadshow အစီစဥ်တစ်ရပ်အဖြစ် ရောက်ရှိခဲ့ပြီး ခရီးစဥ် ရည်ရွယ်ချက်က ဒီနှစ်အတွက် အဓိကဦးစားပေးကဏ္ဍ ငါးခုဖြစ်တဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ စဥ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကျန်းမာရေးဒဏ်ခံနိုင်စွမ်းကို မြှင့်တင်မှု၊ စားနပ်ရိက္ခာဖူလုံရေးတို့ကို ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိဖို့နဲ့ အထောက်အပံ့ပြုနိုင်မဲ့ ကဏ္ဍတွေမှာ ပံ့ပိုးကူညီဖို့ဖြစ်ပါတယ်။ အာဆီယံနဲ့ နိုင်ငံတကာ ဖိအားဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံအဖို့တော့ ထိတွေ့ဆက်ဆံနေတဲ့ နယ်ပယ်တွေဟာ အကျိုးရလဒ်ထက် အပြစ်နဲ့ ဖိအားပဲ တစ်ချိန်လုံးရနေမယ်ဆိုရင် ကောင်းကျိုးပေးမဲ့အဖွဲ့အစည်းကို ရှာဖွေရမှာ ဓမ္မတာပါပဲ။ SCO ကို ပူးပေါင်းလို့ SCO ကလည်း အကျိုးရမယ်။ အာဆီယံကလည်း သူ့အထဲကနေ ထွက်မှာစိုးလို့ အလျှော့ပေးလာမယ်ဆိုရင်တော့ လက်ရှိရင်ဆိုင်နေရတဲ့ ဖိအားတွေ အကျပ်အတည်းတွေက မကြာခင်မှာ ပြေလျော့လာနိုင်ဖွယ်ရှိပါတယ်။
“စားနပ်ရိက္ခာမလုံလောက်တဲ့ မြန်မာ”
ကမ္ဘာတဝှမ်းကနိုင်ငံတွေထဲမှာ နိုင်ငံပေါင်း ၅၈ နိုင်ငံက လူပေါင်း ၂၅၈ သန်းဟာ စားနပ်ရိက္ခာမလုံခြုံမှုနဲ့ စားနပ်ရိက္ခာအခက်အခဲတွေကို အများဆုံး ရင်ဆိုင်တွေ့ကြုံနေရပြီး မြန်မာနိုင်ငံကလည်း ကမ္ဘာ့နိုင်ငံတွေထဲမှာ စားနပ်ရိက္ခာလိုအပ်မှုအခက်အခဲကို အများဆုံးရင်ဆိုင်နေရတဲ့နိုင်ငံစာရင်းထဲ ပါဝင်နေတယ်လို့ ကုလသမဂ္ဂလက်အောက်ခံအဖွဲစည်းဖြစ်တဲ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ (FAO) ရဲ့ ၂၀၂၃ ခုနှစ်အတွက် စားနပ်ရိက္ခာအကျပ်တည်းများနဲ့ ပတ်သက်တဲ့ ကမ္ဘာ့အစီရင်ခံစာ The Global Report on Food Crises (GRFC)မှာ ဖော်ပြခဲ့ပါတယ်။
FAO ထုတ်ပြန်ချက်အရ မြန်မာ့လူဦးရေရဲ့ ၂၇ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၁၅ ဒသမ ၂ သန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စားနပ်ရိက္ခာမလုံခြုံမှုနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်ချက်ပြဿနာတွေကို ရင်ဆိုင်ခဲ့ရပြီး ၂၀၂၁ ခုနှစ်ကထက် လူဥိးရေ ၂ သန်းကျော် မြင့်တက်လာပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာထွက်ပြေးရ၊ သွားလာလှုပ်ရှားမှုကို ကန့်သတ်တာအပြင် ငွေကြေးတန်ဖိုးကျဆင်းတာ၊ အစားစာဈေးနှုန်းမြင့်တက်တာ၊ လောင်စာဆီနဲ့ ဓာတ်မြေသြဇာဈေးနှုန်းမြင့်တက်တာ၊ အစားအစာလက်ခံရယူဖို့ကန့်သတ်မှုရှိနေတာ၊ အိမ်ထောင်စုအများစု လက်လှမ်းမီတဲ့ဈေးနှုန်းထက် ဈေးနှုန်းမြင့်တက်နေတာတွေက စားနပ်ရိက္ခာလုံခြုံမှုကို အကျပ်အတည်းဖြစ်စေခဲ့တာပါ။
ဒီအထဲမှာဆိုရင် ချင်းပြည်နယ်၊ ကယား၊ ကရင်၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်းဟာ စားနပ်ရိက္ခာလုံခြုံမှုမရှိတဲ့ အခက်အခဲကို အဆိုးရွားဆုံးတွေ့ကြုံနေရတာပါ။ ပိုပြီးဆိုးတာက ပြည်တွင်း ငွေကြေးတန်ဖိုး ဆက်လက်ကျဆင်းနေပြီး ၂၀၂၂ ခုနှစ်မှာ ၄ ပုံ ၁ ပုံနီးပါး ကျဆင်းခဲ့တာနဲ့ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး လောင်စာဆီဈေးနှုန်းအပြင် အခြေခံအစားအစာဈေးနှုန်းတွေ ဆက်လက်မြင့်တက်တာကြောင့် အိမ်ထောင်စုတွေ ခက်ခဲခဲ့တာပါ။ မြန်မာ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ် နှစ်စနောက်ပိုင်းကတည်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ အရင်ဈေးနှုန်းထက် ၂ ဆကျော်မြင့်တက်လာခဲ့သလို စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်တာနဲ့ ယူရီယား၊ ဓာတ်မြေသြဇာဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းရှိခဲ့တဲ့ စျေးနှုန်းနဲ့ နှိုင်း ယှဉ်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့တဲ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း FAO နှင့် WFP တို့ ပြုလုပ်ခဲ့တဲ့စစ်တမ်းအရ မြန်မာနိုင်ငံက လယ်သမား ၅၄ ရာခိုင်နှုန်းဟာ သူတို့မျှော်လင့်ထားတဲ့ စိုက်ပျိုးရိတ်သိမ်းမှုထက် လျော့နည်းစွာစိုက်ပျိုးထုတ်လုပ်ခဲ့ရတယ်လို့လည်း ဖော်ပြခဲ့ပါသေးတယ်။
တကယ်တော့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးဟာ စားနပ်ရိက္ခာမလုံခြုံမှုကို ခံစားရမဲ့နိုင်ငံမျိုးမဟုတ်ဘဲ လက်ရှိအကျပ်အတည်းဟာ နိုင်ငံရေးအပေါ် အခြေခံတဲ့ ထောက်ခံမှုမှားလို့ဖြစ်နေရတာပါ။
နိုင်ငံငြိမ်းချမ်းလို့ ကိုယ့်ရပ်ကိုယ့်ရွာမှာပြန်ပြီးတော့ နေထိုင် စိုက်ပျိုးကြတော့မယ်ဆိုရင်၊ တစ်ခုခုအသံကြားတိုင်း ကုန်စျေးနှုန်းကို ဆွဲမတင်ရင်၊ ဖောက်ခွဲတိုက်ခိုက်ပြီး လူတွေကို ဒုက္ခပေးဖို့နေရာမှာ စိုက်ပျိုးရေးသွင်းအားစုတွေ တလွဲမသုံးတော့ရင် ဒီအကျပ်အတည်းတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ပြေလည်သွားမှာဖြစ်လို့ မပြီးဆုံးနိုင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ဒုက္ခခံရင်ဆိုင်နေမဲ့အစား တိုင်းပြည်အမြန်ဆုံးတည်ငြိမ်နိုင်မဲ့ ရွေးကောက်ပွဲပြန်သွားဖို့တွန်းအားပေးရင်း အကြမ်းဖက်ခြင်းတွေကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်မှပဲ နိုင်ငံနဲ့ ပြည်သူ့အတွက် ငြိမ်းချမ်းစွာတိုးတက်ခြင်းရလဒ်ရမှာပါ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။