၉. ၅. ၂၀၂၃
Written by Nay Aung
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက လာမည့်ရက်ပိုင်းအတွင်းကျင်းပမည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့နိုင်ငံရေးအခြေနေများကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပိတ်ဆို့မှုချမှတ်ခြင်းက ပြဿနာများကိုဖြေရှင်းနိုင်မည့်အဖြေမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံထိပ်သီးအစည်းအဝေးကို Labuan Bajo မြို့တွင် မေလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။
အင်ဒိုနီးရှားသမ္မတက” အာဆီထိပ်သီးအစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာပါ။ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ အာဆီယံသဘောတူညီချက်ငါးချက်ကို ဆွေးနွေးဖို့ ရှိနေပါတယ်။ မြန်မာ့နိုင်ငံရေးအခြေနေနဲ့ပတ်သက်ရင် ပိတ်ဆို့မှုချမှတ်တာက အဖြေမဟုတ်တဲ့အတွက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟုပြောသည်။
မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဗြိတိန်၊ အမေရိကန် အပါအဝင် နိုင်ငံအချို့သည် မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရသည်။ မြန်မာ့နိုင်ငံရေးကိစ္စနှင့်ပတ်သက်ပြီး ပဋိပက္ခများကို မကြာမီဖြေရှင်းနိုင်ဖွယ်ရှိမည်ဟု မျှော်လင့်ထားကြောင်း၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ပြည်သူများထံ မကြာမီပေးပို့နိုင်မည်ဟု ယုံကြည်ထားကြောင်း အင်ဒိုနီးရှားသမ္မတက ပြောသည်။
အာဆီယံဒေသအတွင်းရှိ အခက်ခဲပြဿနာတိုင်းကို အဖြေရှာရန်ကြိုးပမ်းရာတွင် တွေ့ဆုံဆွေးနွေးရေး ဦးစားပေးပုံစံမျိုးဖြင့်သာ ချဉ်းကပ်လုပ်ဆောင်မည်ဖြစ်ကြောင်း အင်ဒိုနိးရှားသမ္မတက ပြောသည်။
အင်ဒိုနီးရှားသမ္မတက ” တွေ့ဆုံဆွေးနွေးရေးဟာ အလွန်အရေးကြီးတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးအခက်ခဲ ပြဿနာတွေမှာ တွေ့ဆုံဆွေးနွေးရေးက အလွန်အရေးကြီးတယ်။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ မြန်မာနိုင်ငံကိုလည်း တက်ကြွစွာပါဝင်ဖို့ လုပ်ဆောင်နေတယ်”ဟု ဆိုသည်။
Ref——- antaranews