MT News
Written by Peya
ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၈ ခုအထိ ရရှိထားပြီဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံက သိရသည်။
မြန်မာအသင်းအနေဖြင့် မေလ ၈ ရက်အထိ ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၂၃ ခု စုစုပေါင်း ၃၈ ဆုအထိ ရထားပြီးဖြစ်ကာ ခြင်းလုံး (အမျိုးသား + အမျိုးသမီး- Linking Event 3) ဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ၄၅၉ မှတ်ဖြင့် အနိုင်ရသည့်အတွက် မြန်မာက ၈ ခုမြောက် ရွှေတံဆိပ်ဆုကို ရခဲ့ခြင်း ဖြစ်သည်။
မေလ ၈ ရက် နံနက်ပိုင်းက ဗိုဗီနမ် (ခွန်ဘိုကာတာ- ၁+၂ အတွဲအတိုက်) အားကစားနည်းပြိုင်ပွဲတွင် မောင်ပိုင်ဇေယျာဖြိုး၊ မောင်အံ့ဘွယ်ငြိမ်းနှင့် မနီလာစိုးဦးတို့က ရွှေတံဆိပ်ဆု ရခဲ့ခြင်းဖြစ်ပြီး ဗိုဗီနမ် (အမျိုးသားဓားတစ်လက်အပြ) အားကစားနည်းပြိုင်ပွဲတွင် မောင်အိုက်စိုးလင်းမှ ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။
မေလ ၇ ရက်တွင် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသား(၂) ယောက်တွဲအပြ ပြိုင်ပွဲ၌ အင်ဒိုနီးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ မောင်မနားကွီးနှင့် မောင်တင်ထူးဇော်တို့မှ ရမှတ် ၂၇၀ မှတ်ဖြင့် ပထမ ရွှေတံဆိပ်ဆု၊ မေလ ၆ ရက်တွင် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့က ရွှေတံဆိပ်ဆုရခဲ့ပြီး လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ ရာဇာထွန်းတို့က ပထမဆု ရွှေတံဆိပ်ဆု ရခဲ့သည်။
အဆိုပါနေ့တွင် ကျင်းပခဲ့သည့် ခြင်းလုံးအားကစားပြိုင်ပွဲ အမျိုးသမီး Same Stroke Chinlone (Preliminary) Event 2 ဗိုလ်လုပွဲတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ ရမှတ် ၂၂၁ မှတ်ဖြင့် အနိုင်ရပြီး ပထမ ရွှေတံဆိပ်ဆုရရှိထားသည်။
မေလ ၆ ရက်တွင် ယှဉ်ပြိုင်ခဲ့သည့် ပီတန်း အမျိုးသမီး(အပစ်-Shooting)ပြိုင်ပွဲတွင် ၇ နိုင်ငံ ယှဥ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ ခင်ချယ်ရီသက်က ဗိုလ်လုပွဲ ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းမှ အားကစားသမားကို ရမှတ် ၄၂ မှတ် ၃၀ မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုကို ရခဲ့သည်။