MT News
Translated by Htwe Ko Tun
၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဥ်တွင် မေလ ၇ ရက်က အကြိုဗိုလ်လုပွဲ တက်ရောက်ရန်အရေးပါသော မြန်မာ ယူ-၂၂ အသင်းနှင့်ပွဲစဥ်၌ အိမ်ရှင်ကမ္ဘောဒီးယား ယူ-၂၂ အသင်း အနေဖြင့် မြန်မာအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက်တွင် ကမ္ဘောဒီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆောင်းဆိုခါ(Sao Sokha)က တာဝန်မှနုတ်ထွက်ကြောင်းစာကို မေလ ၈ ရက်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယား ယူ-၂၂ အသင်းအဖို့ မြန်မာအသင်းကို ရှုံးနိမ့်ခဲ့မှုကြောင့် အကြိုဗိုလ်လုပွဲ တက်ရောက်ရန်မှာ အခွင့်အလမ်းမရှိသလောက်နည်းပါးသွားခဲ့သည်။
ဆောင်းဆိုခါက ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် “ဒီပွဲ ရှုံးနိမ့်ပြီးတဲ့နောက် ကျွန်တော် ပေးထားတဲ့ကတိအတိုင်း ကျွန်တော့်အနေနဲ့ ရှုံးနိမ့်မှုအတွက် တာဝန်ယူတဲ့အနေနဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ကနုတ်ထွက်ကြောင်းကြေညာလိုပါတယ်” ဟု ရေးသားခဲ့သည်။
၎င်းက ကမ္ဘောဒီးယားနိုင်ငံ၏ ဘောလုံးပရိသတ်ပြည်သူများကိုလည်း အရှေ့တောင်အာရှအားကစားပွဲ၏ အိမ်ရှင်အနေနှင့် ဘောလုံးအသင်းအား အောင်ပွဲခံဂုဏ်ပြုရန်မစွမ်းဆောင်နိုင်ခဲ့၍ တောင်းပန်ပါကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သော အပတ်က ကမ္ဘောဒီးယား ယူ-၂၂ အသင်း အနေဖြင့် အရှေ့တောင်အာရှအားကစားပွဲတွင် အကြိုဗိုလ်လုပွဲ မရောက်ခဲ့ပါက ၎င်းအနေဖြင့်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်မှနုတ်ထွက်မည်ဟု ကြေညာခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံက ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲကို မေလ ၅ ရက်မှ ၁၇ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည်။
Ref–Xinhua