MT News
Written by Min Mahar
ပုသိမ်ကြီးမြို့နယ်ရှိ ရာအိမ်မှူးတစ်ဦးသည် နေအိမ်၌ရှိနေစဉ်အတွင်း PDF အဖွဲ့ဝင် ၂ ဦးက “ဒလန်လုပ်ချင်ဦးကွာ” ဟု ပြောကာ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်မှု မေလ ၈ ရက် မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပေါက်မြိုင်ကျေး ရွာအုပ်စု၊ လှိုင်းပေါက်ကျေးရွာတွင်နေထိုင်သည့် အသက် ၄၃ နှစ်အရွယ် ရာအိမ်မှူးသည် နေအိမ်၌ရှိနေစဉ်အတွင်း အမည်မသိ PDF အဖွဲ့ဝင်လူငယ် ၂ ဦး Click ဆိုင်ကယ် အနက်ရောင်ဖြင့်ရောက်ရှိလာပြီး”ဒလန်လုပ်ချင်ဦးကွာ”ဟုပြောကာ သေ နတ်ဖြင့် ၃ ချက် ပစ်ခတ်ပြီးထွက်ပြေးသွားကြောင်း သိရသည်။
“ဦးကုလားက အိမ်မှာရှိနေတဲ့ချိန် ကလစ်ဆိုင်ကယ်အနက်ရောင်နဲ့ PDF လူငယ် ၂ ယောက်ရောက်လာပြီးတော့ ဘာမပြောညာမပြောနဲ့ ဒလန်လုပ်ချင်ဦးကွာလို့ပြောပြီး သေနတ်နဲ့ ၃ ချက်ပစ်ပြီး ထွက်ပြေးသွားကြတယ်။ ကံကောင်းလို့အသက်မသေသွားတာ။ ဘယ်ဘက်ပါးကို တစ်ချက်ပဲထိသွားလို့ အခုနန်းတွင်းက ဆေးရုံမှာ ဆေးကုသနေပါတယ်” ဟု ရာအိမ်မှူးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။
အဆိုပါသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးသည် ဝဲဘက်ပါးကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် နန်းတွင်းတပ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်သွားသော တရားခံများအားဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။