၉. ၅. ၂၀၂၃
Written by Pan Ei
ဒီနှစ်ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကမ္ဘာ့ဖလားချန်ပီယံ လီယွန်နယ်မက်ဆီကို ဘာစီလိုနာနဲ့ အင်တာမီယာမီအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဆော်ဒီအာရေဗျကလပ်အသင်း Al-Hilal ကလည်း လက်ရှိ ပီအက်စ်ဂျီအသင်းကပေးတဲ့ တစ်နှစ်လစာထက် သာလွန်လှတဲ့ တစ်နှစ်လုပ်ခ ပေါင် သန်း ၃၂၀ နဲ့ ကမ်းလှမ်းမှုတွေရှိနေပါတယ်။
လီယွန်နယ်မက်ဆီနဲ့အတူ ဘာစီလိုနာအသင်းဖော်ဟောင်း ဆာဂျီယို ဘတ်စ်ကက်စ်နဲ့ ဂျော်ဒီ အယ်လ်ဘာ တို့ကိုလည်း Al-Hilal အသင်းက ခေါ်ယူဖို့ရှိနေပါတယ်။
ဆော်ဒီအာရေဗျရဲ့ ခရီးသွားသံတမန်ဖြစ်တဲ့ မက်ဆီဟာ အသင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဆော်ဒီနိုင်ငံကို ခရီးသွားပြီး ပရိုမိုးရှင်းတွေ ပြုလုပ်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းက မက်ဆီကို သီတင်းနှစ်ပတ်ကြာ ဆိုင်းငံ့ထားခဲ့ပါတယ်။ သောကြာနေ့မှာတော့ မက်ဆီဟာ လေ့ကျင့်ရေးအစီအစဉ်တွေကို လွဲချော်ခဲ့ရတာတွေအတွက် ကလပ်အသင်းနဲ့ အသင်းဖော်တွေကို လူမှုမီဒီယာမှာ လူသိရှင်ကြား တောင်းပန်စကားဆိုခဲ့ပြီးနောက်မှာ ပီအက်စ်ဂျီအသင်းက မက်ဆီကို လေ့ကျင့်ရေးပြန်ဆင်းခွင့်ပြုလိုက်ပါတယ်။
မက်ဆီအနေနဲ့ အခုအချိန်မှာတော့ ပီအက်စ်ဂျီအသင်းအတွက် အာရုံစိုက်နေမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန် နွေရာသီမှာတော့ အသင်းအကူးအပြောင်းကိစ္စကို ဆုံးဖြတ်ချက်ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လီယွန်နယ်မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းဆီ ပြန်လာနိုင်ချေရှိတဲ့ အလားအလာကို စွန့်လွှတ်လိုက်ပြီး အခုနှစ်နွေရာသီမှာ ဆော်ဒီအာရေဗျအသင်း Al-Hilal အသင်းကို ဆာဂျီယို ဘတ်စ်ကက်စ်နဲ့အတူ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုကို တစ်နှစ်လုပ်ခ ယူရို သန်း ၆၀၀ (ဒေါ်လာ ၆၆၂ သန်း) နဲ့ ညှိနှိုင်းခဲ့တယ်လို့လည်း El Chiringuito က ဖော်ပြခဲ့ပါတယ်။
မက်ဆီရဲ့ဖခင်ဖြစ်သူ ဂျော့ဂ်ျဟာ ပီအက်စ်ဂျီအသင်းရဲ့ အားကစားစီမံကိန်းနဲ့ ပတ်သက်လို့ အယုံအကြည်မရှိတာကြောင့် နောက်ထပ်တစ်နှစ်စာချုပ်အတွက် ကမ်းလှမ်းမှုကို လက်မခံလိုကြောင်း ပီအက်စ်ဂျီအသင်းကို အသိပေးထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာနဲ့ အင်တာမီယာမီအသင်းတို့ကလည်း မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြင်းထန်နေကြပေမဲ့ ဘဏ္ဍာရေးအခက်အခဲတွေကို ရှင်းလင်းနိုင်ခြင်း မရှိသေးပါဘူး။
မက်ဆီဟာ Al-Hilal အသင်းကို သွားရောက်ဖို့ အတည်ပြုလက်ခံလိုက်မယ်ဆို ဆော်ဒီပရိုလိဂ်မှာ ကာလရှည်ကြာ ပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနှင့် တွေ့ဆုံရဖို့ ရှိနေပါတယ်။
အကယ်၍ မက်ဆီကို ဆော်ဒီအသင်း Al-Hilal ရဲ့ကမ်းလှမ်းမှုဟာ ပေါင် သန်း ၃၂၀ နဲ့ အတည်တကျဖြစ်သွားမယ်ဆိုရင် Al-Nassr အသင်းမှာ ရော်နယ်ဒို ရရှိတဲ့ တစ်နှစ်လစာ ပေါင် ၁၇၅ သန်းထက် ကျော်လွန်သွားမှာပဲ ဖြစ်ပါတယ်။
Al-Hilal အသင်းကို ရောက်ရှိသွားမယ်ဆို မက်ဆီရဲ့တာဝန်မှာ Al-Hilal အသင်းကို ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိစေနိုင်ဖို့နဲ့ အာရှတိုက်ရဲ့ ဘောလုံးလောကမှာ လွှမ်းမိုးနိုင်တဲ့ အသင်းအဖြစ် ပြန်လည်ထူထောင်ပေးဖို့ပဲ ဖြစ်ပါတယ်။
ဆော်ဒီအသင်းတွေရဲ့ လက်ရှိပြည်တွင်းအဆင့်မှာ Al-Ittihad အသင်းက ပထမနေရာမှာရှိပြီး ရောနယ်ဒိုရှိတဲ့ Al-Nassrအသင်းက ဒုတိယနေရာ၊ AI-Shabab အသင်းက တတိယနေရာနဲ့ Al-Hilal အသင်းက စတုတ္ထနေရာမှာ အသီးသီးရပ်တည်နေကြပါတယ်။
Ref; Mail Online, Forbes