MT News
Written by Thettant
မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား မေ ၇ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် Nissan Navara အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်သည် မေ ၇ ရက် ညနေ ၄ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာနှင့် လသာကျေးရွာကြား၊ မိုင်တိုင်အမှတ်၊ ၃၃/၃ နေရာသို့ရောက်ရှိစဉ် CRPH၊ NUG အဖွဲ့၏ PDF များက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် အဆိုပါ ဒဏ်ရာရပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မြိတ်မြို့ရှိ တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်အား မိုင်းခွဲတိုက်ခိုက်ခဲ့သူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။