၉. ၅. ၂၀၂၃
Translated by Htwe Ko Tun
အာဖရိကတိုက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ တောင်ကီဗူးပြည်နယ်အတွင်း ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့်လွန်ခဲ့သည့် ရက်သတ္တပတ်တစ်ပတ်အတွင်း သေဆုံးခဲ့ရသူပေါင်း အနည်းဆုံး ၄၀၀ ကျော်ရှိကြောင်း ကွန်ဂိုအစိုးရတာဝန်ရှိသူများက မေလ ၈ ရက်တွင် ပြောကြားခဲ့ကြသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ချောင်းများရေလျှံကာ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး တောင်ကီဗူးပြည်နယ်၏ ကာလီဟီဒေသအတွင်းမှ ဘူရှုးရှုးကျေးရွာနှင့် ညာမူကာဘီကျေးရွာတို့မှာ လုံးဝပျက်စီးကာ လူ ၄၀၁ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။
ကျေးရွာများအတွင်း အဆောက်အအုံများမှာ ရေနှင့်ရွှံ့များအတွင်းမျောပါကာ အပျက်အစီးများက ကျေးရွာများအတွင်း ပျံ့နှံ့နေသည်ကို တွေ့ကြရသည်။ ပြည်နယ်အစိုးရက ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့် ပြည်သူများအား လုံခြုံစိတ်ချရသောနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ဒဏ်ရာရသူများအတွက် ဆေးဝါး အထောက်အပံ့နှင့် သေဆုံးသူများအတွက် ဈာပနစရိတ်အထောက်အပံ့များပါ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ သမ္မတ ဖီးလစ် တီရှီဆီကီဒီက မေလ ၈ ရက်အား ရေလွှမ်းမိုးခံရ၍ သေဆုံးရသူများအတွက် နိုင်ငံတော်ကြေကွဲဝမ်းနည်းသည့်နေ့အဖြစ် ကြေညာခဲ့သည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ကွန်ဂိုမြစ်ဝှမ်းဒေသအတွင်းတည်ရှိကာ မကြာခဏဆိုသလိုပင် ရေ လွှမ်းမိုးမှုဘေးဒုက္ခများနှင့် ကြုံရတတ်သည်။ ကမ္ဘာ့ဘဏ်အစီရင်ခံစာတစ်ခုကလည်း ရာသီဥတုပြောင်းလဲမှုကြောင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအတွင်း ရေလွှမ်းမိုးမှုအပါအဝင် ရာသီဥတုနှင့်ဆက်စပ် နေသော သဘာဝဘေးဒဏ်များကို မကြာခဏဆိုသလိုနှင့် ပို၍ပြင်းထန်စွာကြုံတွေ့လာရဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
Ref——-CNN