
၉. ၅. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အနီးတွင် သံတမန်များလိုက်ပါလာသော ယာဉ်တန်းတိုက်ခိုက်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း၊ လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေးအဖွဲ့များနှင့် သံတမန်များဘေးကင်းလုံခြုံရေးက အဓိကအရေးပါကြောင်း၊ ဘေးကင်းလုံခြုံမှုများရှိမှသာ အကူအညီလိုအပ်သောသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
မေလ ၇ ရက်နေ့က ရှမ်းပြည်နယ်တွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံတမန်များ လိုက်ပါသောယာဉ်တန်းတိုက်ခိုက်ခံရမှု၌ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးဝန်ထမ်းနှစ်ဦးပါဝင်ခဲ့ပြီး ဘေကင်းစွာဖြင့် ပြန်လာနိုင်ခဲ့ကြောင်း စင်ကာပူအစိုးရက ပြောသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက “အာဆီယံသံတမန်တွေရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးက ဝန်ထမ်းနှစ်ဦးပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဘေးကင်းစွာနဲ့ရန်ကုန်မြို့ကို ပြန်လာနိုင်ခဲ့တယ်”ဟုအတည်ပြုပြောဆိုထားသည်။
အဆိုပါ သံတမန်များ လိုက်ပါသောယာဉ်တန်းသည် ဆီဆိုင်မြို့နားတွင် အမည်မသိသေနတ်သမားများ၏ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ အာဆီယံသံတမန်များသည် နေရပ်စွန့်ခွာထွက်ပြေးသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရှိအဖွဲ့စည်းအသီးသီးနှင့် တွေ့ဆုံဆွေးနွေးရန်သွားရောက်ခြင်းဖြစ်သော်လည်း တိုက်ခိုက်ခံရမှုကြောင့် နောက်ကြောင်းပြန်လှည့်လာခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးဟာ အာဆီယံသဘောတူညီချက်ငါးချက်နဲ့အညီ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချုပ်တည်းရှောင်ရှားဖို့ တိုက်တွန်းပါတယ်။ မြန်မာ့နိုင်ငံရေးအခက်အခဲမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်မှသာ ပြည်သူအကျိုးစီးပွားနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်မှာဖြစ်တယ်”ဟုပြောသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံတမန်များလိုက်ပါလာသော ယာဉ်တန်းတိုက်ခိုက်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွေက မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများ အဆုံးသတ်စေရန် အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုတွေကို တားဆီးနိုင်မည်မဟုတ်ကြောင်း မေလ ၈ ရက်နေ့က ဝေဖန်ပြောဆိုခဲ့သည်။
အာဆီယံအဖွဲ့၏ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့ AHA Centreအဖွဲ့တာဝန်ရှိသူများသည် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရေးအတွက် သွားရောက်ခဲ့သော အာဆီယံ၏ စောင့်ကြည့်ရေးအဖွဲ့နှင့်အတူ လိုက်ပါသွားခဲ့ကြောင်း အင်ဒိုနီးရှား သမ္မတကပြောသည်။
အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်ခံရသော ထိုဖြစ်ရပ်တွင် SAC ၏ လခရများက လိုက်ပါ လုံခြုံရေးယူပေးခဲ့ပြီး ချောင်းမြောင်းပစ်ခတ်သူများကို လုံခြုံရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ထိုဖြစ်စဥ်တွင် လူထိခိုက်မှုမရှိဘဲ ယာဥ်သာထိခိုက်ကြောင်း ချောင်းမြောင်းပစ်ခတ်သည့်အကြမ်းဖက်သမားများကို နယ်မြေရှင်းလင်း ချေမှုန်းနေကြောင်းလည်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Ref——-straitstimes

