၁၄. ၁၀. ၂၀၂၂
Written by Nay Moe
“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ပြည်တွင်းစစ်ကို ဦးတည်နေသည့် လက်ရှိ အကြမ်းဖက် ပဋိပက္ခများကို ရပ်စဲ၊ လျော့နည်းစေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အခြေခံအပေါ် ပြည်သူ လူထုအများစုက လိုလားတောင့်တနေသော “ပြည်တွင်းငြိမ်းချမ်းရေး” ကို ပြန်လည် အစပျိုးတည်ဆောက်ရန် လမ်းစဖြစ်ကြောင်း အလေးအနက် ယုံကြည်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA ခုနစ်နှစ်ပြည့်အတွက် ပေးပို့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့က တစ်ဖက်၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၈) ဖွဲ့က တစ်ဖက် နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်၌ လက်မှတ်ရေးထိုးထားခဲ့ကြသော “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်” သည် ၂၀၂၂ ခု၊ အောက်တိုဘာ(၁၅) ရက်နေ့တွင် သက်တမ်း (၇) နှစ် တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံသမိုင်းတွင် ပင်လုံစာချုပ်ပြီးနောက် ဒုတိယ အရေးပါဆုံး စာချုပ်တစ်ရပ်ဖြစ်သည့် NCA ဟု အတိုကောက်ခေါ်သော စာချုပ်ကို ပြင်ဆင်ညှိနှိုင်းဆွေးနွေးသည့် ကာလ ၂၀၁၁ မှ လက်မှတ် ရေးထိုးပြီး အကောင်အထည်ဖော်သည့် ကာလ ၂၀၂၁ နှစ်ဦး အထိ (၁၀) နှစ်ကြာရှိချိန်တွင် ပြည်သူ လူထုတစ်ရပ်လုံးသည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူတစ်ဦးချင်း၏ လွတ်လပ်မှုတို့ကို သိသာစွာ ရရှိခံစားခဲ့ရခြင်းမှာ “NCA” အကျိုးကျေးဇူးကြောင့် ဆိုလျှင် မှားမည်မထင်ပါ။၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် NMSP နှင့် LDU တို့ NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် (၁၀) ဖွဲ့ ဖြစ်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) သည် NCA ကို အကောင်အထည် ဖော်ရာတွင် တိုးတက်မှုများစွာရရှိလာသည်ကိုလည်း ထောက်ပြလိုပေသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၄) ကြိမ်အထိ ခေါ်ယူနိုင်ခဲ့ပြီးနောက် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ရရှိခဲ့ပြီး ယင်းစာချုပ်အားလုံးကို ထိုစဉ်က တည် ရှိခဲ့သော လွှတ်တော်အဆင့်ဆင့်က အတည်ပြုပေးပြီးလည်း ဖြစ်ပေသည်။ NCA ၏ စာချုပ်ပြဋ္ဌာန်းချက်နှင့်အညီ ခေါ်ယူသော (၉)ကြိမ်မြောက် JICM အစည်းအဝေးကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆင့် (၃) ဆင့် ပါဝင်သော လုပ်ငန်းစဉ်တစ်ရပ်ကို အားလုံး သဘောတူညီမှုဖြင့် ချမှတ်နိုင်ခဲ့သည်ကို သက်သေပြလိုပါသည်ဟု PPST က ဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲ ကြီးမားစွာ ဖြစ်ပေါ်လာသဖြင့် နောက်ဆက်တွဲ မတည်ငြိမ်မှုများ၊ ပဋိပက္ခများ၊ လက်နက်ကိုင် ပဋိပက္ခများ တစ်နေ့ ထက် တစ်နေ့ ကြီးထွားလာခဲ့သည်။ ပြည်သူထူထုတစ်ရပ်လုံးသည်လည်း အကျပ်အတည်းမျိုးစုံနှင့် ကြုံတွေ့နေရသည်။ PPST သည် မူလ NCA ပြဋ္ဌာန်းချက်များကို အပြည့်အဝ အကောင်အထည် မဖော်နိုင်တော့သည့်အတွက် ပြည်သူလူထုများအား အကျပ်အတည်းများမှ လွတ်မြောက်နိုင် စေရန် NCA ၏ အောက်ပါအခြေခံမူ (၃) ရပ်ကိုသာ ကိုင်စွဲ၍ အတတ်နိုင်ဆုံး အကောင်အထည်ဖော်ရေး ကြိုးပမ်းနေဆဲဖြစ်သည်။
အဆိုပါ မူသုံးချက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများအား အကာအကွယ်ပေးရေး ဟူသော NCA အခြေခံမူ (၃) ချက်ကို ယနေ့ အချိန်အထိ ကြိုးပမ်းအကောင်အထည်ဖော်နေကြောင်း (၇) နှစ်ပြည့် NCA လက်မှတ် ရေးထိုးခြင်း အထိမ်းအမှတ်နေ့တွင် ရှင်းလင်းတင်ပြခဲ့သည်။
ယခု (၇) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးထားကြသော လူပုဂ္ဂိုလ်၊ ခေါင်းဆောင်ကြီးများကို သီးခြားဖိတ်ကြားခြင်း၊ အဖွဲ့အစည်းအလိုက် သီးခြားဖိတ်ကြားထားခြင်းတို့ကြောင့် မိမိတို့ ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ရေးထိုးထားကြသော PPST အဖွဲ့ဝင်များ အနေဖြင့် “NCA အထိမ်းအမှတ် ဂုဏ်ပြုမှု” ကို ပါဝင်တက်ရောက်ရန် လိုအပ်၍ တက်ရောက်ရခြင်းဖြစ်သည်။ NCA သည် ပြည်တွင်းစစ်ကို ဦးတည်နေသည့် လက်ရှိ အကြမ်းဖက် ပဋိပက္ခများကို ရပ်စဲ၊ လျော့နည်းစေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး အခြေခံအပေါ် ပြည်သူ လူထုအများစုက လိုလားတောင့်တနေသော “ပြည်တွင်းငြိမ်းချမ်းရေး” ကို ပြန်လည် အစပျိုး တည်ဆောက်ရန် လမ်းစပင်ဖြစ်ကြောင်း PPST က အလေးအနက် ယုံကြည်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။